လျှပ်စစ်ဓာတ်အားကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်မှုဖြစ်စဉ်များတွင် လျှပ်စစ်ဓာတ်အားလိုင်း များ ပြုပြင်ရာတွင် လည်းကောင်း၊ ဓာတ်အားလိုင်းအနီး လူ၊ ပစ္စည်းများ ဝင်ရောက်ရာတွင် လည်းကောင်း၊ စက်ကွင်းအတွင်းတွင် ကျရောက်၍ ဓာတ်လိုက်ခြင်း ဖြစ်စဉ်များသည် ပဉ္စမအများဆုံး ဖြစ်ပါသည်။ ဤနေရာတွင် လျှပ်စစ်စက်ကွင်းဟူသော အဓိပ္ပာယ် နှင့် လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်မှုကို ပြည်သူအများ သိရှိရန် သိသာထင်ရှားအောင် ရှင်းပြမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် မီးတောက်၊ မီးလျှံများ၏ ပတ်ဝန်းကျင်တွင် အပူဓာတ် ရှိနေသည်ကို သတိပြုမိကြမည် ဖြစ်ပါသည်။ မီးတောက်၊ မီးလျှံနှင့် နီးလေ အပူဓာတ်ပိုမို ခံစားရမည် ဖြစ်ပါသည်။ မီးတောက်၊ မီးလျှံ၏ ပတ်လည် အကွာအဝေးတစ်ခုအထိ အပူဓာတ်ရှိနေပြီး မီးတောက်နှင့် နီးလေ အပူဓာတ် ပိုမိုခံစားရလေဖြစ်သည်။ မီးနှင့် လူမထိမိသော်လည်း မီးပတ်လည် အပူစက်ကွင်းအတွင်း ရောက်ရှိပါက အပူဓာတ် ခံစားရခြင်း၊ မီးအပူလောင်ခံရခြင်းများ ခံစားရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ဖယောင်းတိုင်မီး၏ အပူစက်ကွင်း သည် ၁ လက်မ၊ မီးသွေးမီးဖို၏ အပူစက်ကွင်းသည် ၁ ပေခန့်၊ မီးပုံကပွဲ ကျင်းပသော ထင်းမီးဖိုတွင် ၁၀ ပေကျော်ခန့်အထိ အပူစက်ကွင်း ရှိပြီး အပူဓာတ်ခံစားရမည် ဖြစ်ပါသည်။ အိမ်များ မီးလောင်လျှင်ကား အပူစက်ကွင်းသည် အခြားအိမ်အထိ ရောက်ကာ မီးတောက်ကူးစက် လောင်ကျွမ်းကြောင်းကို တွေ့ရှိ ရမည်ဖြစ်ပါသည်။
လျှပ်စစ်စက်ကွင်းသည်ကား မီးတောက်မီးလျှံကဲ့သို့ မမြင်ရပါ……. ဝါယာကြိုးများအတွင်း ဖြတ်စီးနေသော လျှပ်စီး(Ampere)ကြောင့် ဝါယာကြိုးပတ်လည်တွင် ဖြစ်ပေါ်လာသော လျှပ်စစ်စက်ကွင်းပင် ဖြစ်ပါသည်။ လျှပ်စစ်စီးနေသော ဝါယာကြိုးတစ်ချောင်း ပတ်ဝန်းကျင်တွင် လျှပ်စစ်စက်ကွင်း ဖြစ်ပေါ် လျက်ရှိပါသည်။ ဗို့အား အမျိုးအစားပေါ် မူတည်၍ လျှပ်စစ်စက်ကွင်း ဧရိယာ အကျယ်အဝန်း၊ အကြီးအသေး နှင့် စက်ကွင်းပြင်းအား အနည်းအများ ဖြစ်ပေါ်မည် ဖြစ်ပါသည်။ လျှပ်စစ်စက်ကွင်းအတွင်း ရောက်ရှိသောသူသည် လျှပ်စစ်အန္တရာယ် ရှိမည် ဖြစ်ပါသည်။ လျှပ်စစ်ကြိုး အနီးသို့ ချဉ်းကပ်လာသည်နှင့် အမျှ လျှပ်စစ်စက်ကွင်းပြင်းအားများသောနေရာသို့ ရောက်ရှိလာမည် ဖြစ်ပါသည်။ အန္တရာယ်ဖြစ်နိုင်သော လျှပ်စစ်စက်ကွင်းအတွင်း ရောက်ရှိပါက လျှပ်စစ်အန္တရာယ် ရှိမည်ဖြစ်ပါသည်။ မီးတောက် မီးလျှံ၏ အပူရှိန်စက်ကွင်းအတွင်း ရောက်ရှိပါက အပူဓာတ် လွတ်ကင်းသောနေရာသို့ ဆုတ်ခွာနိုင်သော်လည်း လျှပ်စစ်စက်ကွင်းအတွင်း ရောက်ရှိသွားပါက ပြန်ထွက်၍မရဘဲ ထိခိုက်ဒဏ်ရာ ရရှိမှု၊ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း များနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်အသုံးပြုလျက်ရှိပါသည်။ဗို့အားများလေ လျှပ်စစ် စက်ကွင်း ဧရိယာကျယ်ပြန့်လေ လျှပ်စစ်စက်ကွင်း ပြင်းအားများလေ ဖြစ်ပါသည်။ ဓာတ်အားလိုင်း များ၏ စက်ကွင်းအတွင်းသို့ လူဝင်ရောက်မိခြင်း၊ လျှပ်စစ်စီးဆင်းနိုင်သော ပစ္စည်းများ (သံချောင်း၊ ပိုက်လုံး၊ သစ်၊ ဝါးအစိုများ) ရောက်ရှိခြင်းတို့ကြောင့် ဓာတ်လိုက်မှု ဖြစ်စဉ်အချို့ကို ကောက်နုတ် ဖော်ပြရပါက -
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၂)ရပ်ကွက် (၂) လမ်း နှ င့် သီတာလမ်းဒေါင့် တွင် ဦး…….သည် ပေ ၂၀ ရှည်သော စတီးပိုက်အား အိမ်အပြင်ဘက် ပိတောက်ပင်ကို မှီ၍ ထောင်နေပါသည်။ ယင်းပိတောက်ပင် ဘေး အပေါ်ဘက်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ရှိနေသည်ကို သတိမမူဘဲ ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။ စတီးပိုက်အား ကိုင်၍ ပိတောက်ပင်သို့ ထောင်လိုက်ချိန်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း၏ လျှပ်စစ်စက်ကွင်း အတွင်း စတီးပိုက် ရောက်ရှိသွားပြီး စတီးပိုက်အဖျား ကတစ်ဆင့် လျှပ်စစ်စက်ကွင်းမှ လျှပ်စီး စီးဝင်ကာ ဦး…… ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား ခဲ့ပါသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာတွင် ယာယီဆောက်လုပ်ထားသော စျေးဆိုင်တန်း အဆောက်အဦ၏ ခေါင်မိုးမှ သွပ်ပြားအား ဦး…….မှ ခေါင်မိုးပေါ်သို့ တက်၍ ဖြုတ်ယူလိုက်ပါသည်။ ၎င်းအချိန်တွင် ခေါင်မိုး အပေါ်ရှိ ၃၃ ကေဗွီ ဓာတ်အားလိုင်း၏ စက်ကွင်းအတွင်းသို့ သွပ်ပြား ရောက်ရှိသွားပြီး သွပ်ပြားသို့ လျှပ်စစ်စက်ကွင်းမှ လျှပ်စီး စီးဝင်ကာ ဦး……ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။
၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူ ကျေးရွာ မီးလင်းရေးအတွက် ကရိန်းကားဖြင့် ကွန်ကရစ်ဓာတ်တိုင်များ စိုက်ထူခြင်း လုပ်ငန်း ဆောင်ရွက်နေပါသည်။ ဦး……မှ ကွန်ကရစ်တိုင်အား ထိန်းကိုင်၍ မြေကျင်းအတွင်း ကရိန်းကားဖြင့် ချနေစဉ် ကရိန်းကား၏ ထောက်တိုင် လည်သွားပြီး ကွန်ကရစ်တိုင် အဖျားမှာ အနီးရှိ အခြား ၃၃ ကေဗွီ ဓာတ်အားလိုင်း၏ စက်ကွင်းအတွင်းသို့ ရောက်ရှိ သွားပါသည်။ ကွန်ကရစ်တိုင် ကိုင်ထားသူ ဦး…….မှာ စက်ကွင်းမှတစ်ဆ င့် လျှပ်စစ်စီးဝင်၍ ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။
လျှပ်စစ်စက်ကွင်းနှင့် ဆက်စပ်ပြောကြားရပါက မိုးကြိုးပစ်ခြင်းသည် ကောင်းကင်တိမ်တိုက်မှ မြေပြင်သို့ ဗို့အား အလွန်မြ င့် သော လျှပ်စီး စီးဆင်းခြင်း ဖြစ်ပါသည်။မိုးကြိုးအပစ်ခံရသော နေရာ၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်ရာ ၎င်းစက်ကွင်းအတွင်း ကျရောက်သော ပစ္စည်းများ မီးလောင်ပျက်စီးခြင်း၊ လူ၊ တိရိစ္ဆာန်များ၊ ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်း ဖြစ်စဉ်များ ဖြစ်ပွား လျက်ရှိပါ သည်။
လျှပ်စစ်စက်ကွင်းအတွင်း လူ၊ ပစ္စည်းများ ဝင်ရောက် မိ၍ နှစ်အလိုက် ဓာတ်လိုက်ခြင်း ဖြစ်စဉ် များမှာ -
- ၂၀၁၁ ခုနှစ် ဖြစ်စဉ် ၇ ခုတွင် သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၇ ဦး။
- ၂၀၁၂ ခုနှစ် ဖြစ်စဉ် ၃ ခုတွင် သေဆုံးသူ ၆ ဦး၊ ဒဏ်ရာရရှိသူ ၅ ဦး။
- ၂၀၁၃ ခုနှစ် ဖြစ်စဉ် ၄ ခုတွင် သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရရှိသူ ၅ ဦး။
- ၂၀၁၄ ခုနှစ် ဖြစ်စဉ် ၁၂ ခုတွင် သေဆုံးသူ ၈ ဦး ဒဏ်ရာရရှိသူ ၁၁ ဦးရှိခဲ့ပါသည်။
ဓာတ်အားလိုင်းကြိုးများကို မကိုင်မိသော်လည်း ၎င်းကြိုး ၏ လျှပ်စစ်စက်ကွင်းအတွင်း ရောက်ရှိပါက လျှပ်စစ် အန္တရာယ် ရှိသည်ကိုသတိပြုရန် လိုအပ်ပါသည်။ လျှပ်စစ်အသိရှိသူများက မိမိ မိသားစု၊ မိမိ ပတ်ဝန်းကျင်ကို ထပ်ဆ င့် အသိပေးရန် လိုအပ် ပါသည်။
အဆောက်အဦများ ဆောက်လုပ်ရာတွင် ဓာတ်အားလိုင်းများနှင့် နီး၍ လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုများ ကင်းရှင်းစေရန်အတွက် ဗို့အားအမျိုးအစားအလိုက် ဓာတ်အားလိုင်းများနှ င့် အဆောက်အဦကွာဝေးရမည့် သတ်မှတ်ထားချက်များ ရှိပါသည်
စဉ် | အဆောက်အဦး နှင့် ဓာတ်အားလိုင်း | ၄၀၀ဗို့ | ၆.၆ကေဗွီ | ၁၁ကေဗွီ | ၃၃ကေဗွီ | ၆၆ကေဗွီ | ၁၃၂ကေဗွီ | ၂၃၀ကေဗွီ |
၁။ | ရေပြင်ညီ (ဘေးတိုက်) အကွာအဝေး (ပေ) | ၄ | ၆ | ၈ | ၁၀ | ၁၅ | ၅၀ | ၅၀ |
၂။ | ဒေါင်လိုက် (အထက်အောက်) အကွာအဝေး (ပေ) | ၈ | ၈ | ၈ | ၁၂ | ၁၃ | ၁၄ | ၁၆ |
ဓာတ်အားလိုင်းကြိုးများ၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လျက်ရှိသော လျှပ်စစ်စက်ကွင်းများ ကြောင့် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန် သတိပြုရမည့် အချက်များအနေဖြ င့် -
- ဓာတ်အားလိုင်းကြိုးများ အနီးသို့ လူ/ပစ္စည်းများ ချဉ်းကပ်ခြင်း မပြုရ။
- ဓာတ်အားလိုင်းကြိုးအောက်နှင့် ဓာတ်အားလိုင်းကြိုးများ အနီးပတ်ဝန်းကျင်တွင် တီဗွီ အင်တာနာ တိုင်ထောင်ခြင်း၊ စတီးပိုက်ချောင်းများ၊ သံပိုက်ချောင်းများ ထောင်၍ ကိုင်ဆောင်ခြင်းများ မပြုလုပ်ရ။
- ဓာတ်အားလိုင်းကြိုးများအောက်တွင် ကားရပ်ပြီး ကားခေါင်မိုးပေါ် တက်၍ လုပ်ငန်း ဆောင်ရွက်ခြင်းများ မပြုရ။
- ဓာတ်အားလိုင်းကြိုးများအောက် နှင့် အနီးပတ်ဝန်းကျင်တွင် အဆောက်အဦများ ဆောက်လုပ်ခြင်းမပြုရ၊ ဓာတ်အားလိုင်းကြိုးနှင့် သတ်မှတ် အကွာအဝေးတွင်သာ တည်ဆောက်ပါ။
- ဓာတ်အားလိုင်းတိုင်များပေါ်သို့ တက်ရောက်ဆော့ကစားခြင်း၊ လျှပ်စစ်ကျွမ်းကျင်သူ မပါဘဲ ဓာတ်အားလိုင်းတိုင်များပေါ်တက်၍ ကြိုးဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း မပြုရ။