The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့် မီးဘေးအန္တရာယ် သတိပြုဖွယ်

"သုံးတတ်လျှင် အကျိုးရှိ ၊ မသုံးတတ်လျှင် ဘေးဖြစ်" ဆိုစကားသည် လျှပ်စစ်မီးအသုံးပြု သူများ အတွက် သတိပြုရမည့် အချက်ဖြစ်ပေသည် ။ လျှပ်စစ်ဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှု ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ကောင်းကျိုးချမ်းသာများကို ခံစားရရှိကြသည် ။ လျှပ်စစ်အသိ ၊ လျှပ်စစ်သတိမရှိဘဲ သုံးစွဲကြပါက လျှပ်စစ်အန္တရာယ် ကြုံတွေ့ ရပေမည် ။ လျှပ်စစ်အန္တရာယ်ဟု ဆိုရာဝယ် အပိုင်း ၂ပိုင်း ပါဝင်ပါသည် ။ ပထမအပိုင်းအဖြစ်သော ဓာတ်လိုက်မှု ဖြစ်စဉ်များမှ ထိခိုက်ဒဏ်ရာ ရရှိမှု ၊ အသက်ဆုံးရှုံးမှုများဖြစ်ပြီး သတိပြုဖွယ် လျှပ်စစ်အန္တရာယ် ဆောင်းပါးများတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည် ။ ဒုတိယအပိုင်းမှာ လျှပ်စစ်အပူလွန်ကဲမှု ဖြစ်စဉ်များမှ မီးဘေးအန္တရာယ်ပင်ဖြစ်ပါသည် ။ လျှပ်စစ်အသုံးပြုနေသူများ အနေဖြင့် လျှပ်စစ်အပူလွန်ကဲမှု အကြောင်းအရာများကို သိရှိရန် လိုအပ်ပါသည် ။ လျှပ်စစ် အပူလွန်ကဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးအစား ၃ မျိုး ခွဲခြားနိုင်ပါတယ်…..

ပထမ တစ်မျိုးကတော့ အပူအဖြစ် ပြောင်းလဲ အသုံးပြုသော ထမင်းချက်အိုး ၊ မီးဖို ၊ လျှပ်စစ် ရေနွေးအိုး ၊ လျှပ်စစ်ဒယ်အိုး ၊ မီးပူ ၊ အပူပေးစက် စသည့် အပူစွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများကို အသုံးပြုရာတွင် ပေါ့ဆစွာ သုံးစွဲမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်…….. ဖြစ်စဉ်အချို့ကို ဖော်ပြရပါက …..

  • - ၂၄.၂.၂၀၀၈ ရက်နေ့ စျေးပိတ်ခါနီး အချိန်တွင် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံ မြို့နယ် ၊ ၇၇x၇၈ နှင့် ၃၃x၃၄ လမ်းကြားရှိ ရတနာပုံစျေး အောက်ဆုံးထပ်ရှိ (ဃ)ရုံ ၊အခန်းအမှတ် (၂၆၁) ရှိ အသင့်ချုပ်ပြီး အထည်များ 

ရောင်းသော စျေးဆိုင်ခန်းတွင် ချက်ပြုတ်စားသောက်ရန် လျှပ်စစ်ဒယ်အိုးတွင် ဆီထည့် ပြီးချက်ပြုတ် စားသောက်ရန် ဆောင်ရွက်နေစဉ်   လျှပ်စစ်မီး ပြတ်တောက်သွားပါသည် ။ ဆိုင်ခန်း     ပိုင်ရှင်အနေဖြင့် အပူစွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ သုံးစွဲနေစဉ်မီးပြတ်လျှင် မီ:ခလုပ် ပိတ်ရန် မေ့လျော့ခြင်း ၊ ဆိုင်ပိတ်သိမ်းချိန်တွင်   မီးခလုပ်အားလုံးပိတ်ရန် စစ်ဆေးမှု မရှိဘဲ       ဆိုင်ပိတ်၍ ပြန်သွားခဲ့ပါသည် ။ ညနေစျေးပိတ်ချိန်တွင် စျေးတာဝန်ကျက စျေးတစ်ခုလုံး၏ စျေးတစ်ခုလုံး၏ မိန်းခလုပ်ကို ပိတ်လိုက်သည့်         အတွက် မီးပြန်လာသော်လည်း ဆီထည့်     သည့် ဒယ်အိုးသို့ လျှပ်စစ်ဓာတ်အား မရောက်၍ တစ်ညလုံးအပူလွန်ကဲမှု မရှိခဲ့သော်လည်း နောက်တစ်ရက် ၂၅.၂.၂၀၀၈ ရက်နေ့ နံနက် စျေးဖွင့်ချိန်     ၀၈:၀၀နာရီတွင် စျေးတာဝန်ကျက       စျေးတစ်ခုလုံး၏ မိန်းခလုပ်ကို ပြန်လည်ဖွင့်ပေးလိုက်ချိန်တွင် ၎င်းဆိုင်ခန်းပိုင်ရှင်များ မရောက်ရှိသေးပါ ။ သို့ရာတွင် ဆီဒယ်အိုးသို့ လျှပ်စစ်ဓာတ်အား     ရောက်ရှိပြီး အပူလွန်ကဲ၍             ဒယ်အိုးအတွင်းရှိ ဆီများ မီးထလောင်ပြီး ပတ်ဝန်းကျင်ရှိ အထည်များသို့ မီးကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ရတနာပုံစျေးကြီး တစ်ခုလုံး မီးလောင်ပြီး   ကျပ်သန်းပေါင်း များစွာ   ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါသည် ။

  • - ၁၃.၁၁.၂၀၁၄ ရက်နေ့ ၀၅:၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်ရှိ Opal-1 အထည်ချုပ်စက်ရုံ အဆောက်အဦတွင် အပူပေးကော်သန့်စက် အတွင်းရှိ အပူပေး     ကွိုင်များ အပူလွန်ကဲရာမှ စတင်မီးလောင်မှုကြောင့် အဆောက်အဦ ၁ လုံး ၊ အပ်ချုပ်စက် အလုံး ၁၀၀ ၊ အဝတ်အထည်နှင့် ပရိဘောဂ ပစ္စည်းများ မီးလောင်ခံရပြီး ကျပ်သန်း ၈၀ ခန့် ဆုံးရှုံးမှု ဖြစ်ပေါ်၍ လူ ၁ဦး ဒဏ်ရာ ရခဲ့ပါသည် ။

        ဒုတိယ တစ်မျိုးကတော့ အိမ်တွင်းသုံး လျှပ်စစ်ပစ္စည်းများဖြစ်သည့် မီးချောင်း ၊ မီးလုံး ၊ ပန်ကာ၊ ရေခဲသေတ္တာ ၊ လေအေးပေးစက် ၊ မီးပလပ်ခုံ ၊ အင်ဗာတာ၊ မီးအားမြှင့်စက် ၊ ဆေ့ဖ်ဂတ်(Safe guard) စသည့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများတွင် အပူလွန်ကဲလာမှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ် ….. ဖြစ်စဉ်အချို့ကို ဖော်ပြရပါက ….

  • - ၂၆.၄.၂၀၁၁ရက်နေ့ ၀၁:၃၅ အချိန် ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာစက်မှုဇုန်ရှိ Ve Ve အချိုရည် စက်ရုံတွင် လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ မီးစတင်လောင်မှုကြောင့် ပင်မဂိုဒေါင် ပစ္စည်း သိုလှောင်ခန်း ၊ စတေကာ ၊ နို့မှုန့်နှင့်      အချိုရည်အဆီများ မီးလောင်ခံပြီး ကျပ် ၃၀.၅သန်း ဖိုးခန့်ဆုံးရှုံးခဲ့ပါသည်။

  • -  ၇.၃.၂၀၁၂ ရက်နေ့ ၀၄:၁၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့နယ် ၊ အမှတ်(၁) ရပ်ကွက် ၊ ရတနာလမ်းရှိ စျေးဆိုင်ခန့်အတွင်း ထွန်းညှိထားသော ၂-ပေ မီးချောင်း ချုပ်အပူလွန်ကဲရာမှ မီးစတင်လောင်မှုကြောင့် အိမ် ၁၁လုံး၊   ၁၂ ခန်းတွဲ စျေးဆိုင်ခန်း ၁ လုံး ၊ ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာ စမ္မာရုံ ၁ လုံးစီ ၊ စျေးဆိုင်ခန်း ၃၄၇ ခန်း မီးလောင် ခံရပြီး ကျပ် ၆၇.၃၄ သန်းခန့် ဆုံးရှုံးခဲ့ပါသည် ။

          တတိယ တစ်မျိုးကတော့  အိမ်တွင်းဝါယာကြိုးများ၊ လျှပ်စစ်ပစ္စည်းများ၏ ဝါယာကြိုးများတွင် အပူလွန်ကဲလာမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်…. ဝါယာကြိုး ပူလာသဖြင့် ကြိုးအပြင် Cover ရော်ဘာသားများ အရည်ပျော်သွားကာ လျှပ်စစ်အဖိုကြိုးနှင့် အမကြိုး ထိမိပြီး ဝါယာရှောခ့် (Wire Short)မှ မီးပွားများ ဖြစ်ပေါ်၍ မီးလောင်မှု ဖြစ်ပွားစေပါသည် ။ ဝါယာကြိုးအပူလွန်ကဲ ခြင်းသည် ကြိုး၏ သက်တမ်းကြာမြင့်ခြင်း ၊ ဝါယာကြိုးအရွယ်အစား အလိုက် အသုံးပြုနိုင်သော ဝန်အား(လျှပ်စီး)ထက် ပိုလွန်သော လျှပ်စစ်ပစ္စည်းများ တပ်ဆင်အသုံးပြုခြင်းများကြောင့် ဝါယာကြိုးများ အပူလွန်ကဲကာ ဝါယာရှော့ခ် (Wire Short) ဖြစ်ခြင်းဖြစ်ပါသည် ။ ဝါယာ ကြိုးများတွင် အပူလွန်ကဲခြင်းကြောင့် မီးလောင်မှုဖြစ်စဉ်အချို့ကို ဖော်ပြရပါက -

  •  -၂.၁၁.၂၀၁၂ ရက်နေ့ ၉:၃၀ အချိန် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ နမ့်ဆန် မြို့ ၊ မြို့လည်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင် MP 5 EVD Portal Player  အားသွင်းရာမှ အားသွင်းဝါယာကြိုး ချို့ယွင်းပြီး အပူလွန်ကဲ၍   စတင်မီးလောင်မှုကြောင့် နေအိမ် ၄၇ လုံး မီးလောင်ခံရပြီး ကျပ် ၅၄.၄ သန်းဖိုး ဆုံးရှုံးခဲ့ပြီး လူဦးရေ စုစုပေါင်း ၂၄၈ ဦး မီးဘေးဒုက္ခရောက်ခဲ့ပါသည် ။

  •  - ၁၈.၉.၂၀၁၃ ရက်နေ့ ၁၁:၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ၊ ရန်ကုန် စက်မှုဇုန်ရှိ အေဝမ်း အထည်ချုပ်စက်ရုံတွင် အပ်ချုပ်စက်ခန်းနှင့် မီးပူတိုက်သည့် အခန်းသို့ သွယ်တန်းထားသော ဝါယာကြိုးများ ချို့ယွင်းမှု      ကြောင့် အပူလွန်ကဲရာမှ စတင် မီးလောင်မှုကြောင့် အဆောက်အဦ ၊ စက်ပစ္စည်းများနှင့် ချုပ်ပြီး အဝတ်အထည် ၁၀၀၀ ခန့် မီးလောင်ခံရပြီး ကျပ် ၁၂.၇ သန်းဖိုးခန့် ဆုံးရှုံးခဲ့ပါသည် ။

          နှစ်အလိုက် လျှပ်စစ်အပူလွန်ကဲမှုကြောင့် မီးလောင်ဆုံးရှုံးမှုများ အနေဖြင့် -

  • - ၂၀၁၁ ခုနှစ်တွင် ၁၄၉ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၃ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၉ ဦး ၊ အဆောက်အဦ ဆုံးရှုံးမှု ၁၉၈ ခု နှင့် မီးဘေးဒုက္ခသည် ၁၀၉၅ ဦးရှိခဲ့ပြီး ခန့်မှန်းခြေ ဆုံးရှုံးမှု တန်ဘိုး ကျပ် ၁၇၀.၄၈ သန်း…….

  • - ၂၀၁၂ ခုနှစ်တွင် ၂၂၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၃ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး ၊ အဆောက်အဦ ဆုံးရှုံးမှု ၅၈၀ ခု နှင့် မီးဘေးဒုက္ခသည် ၇၈၄ ဦးရှိခဲ့ပြီး ခန့်မှန်းခြေ ဆုံးရှုံးမှု တန်ဘိုး ကျပ် ၃၄၄.၆၇ သန်း ……..

  • - ၂၀၁၃ ခုနှစ်တွင် ၃၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၂၅ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၉ဦး ၊ အဆောက်အဦ ဆုံးရှုံးမှု ၉၃၂ ခု ၊ စက်ရုံအလုပ်ရုံ ဂိုဒေါင် ၁၄ ခု နှင့် မီးဘေးဒုက္ခသည် ၉၄၁ ဦးရှိခဲ့ပြီး ခန့်မှန်းခြေ ဆုံးရှုံးမှု တန်ဘိုး ကျပ်           ၈၂၆.၂၃ သန်း……….

  • - ၂၀၁၄ ခုနှစ်တွင် ၃၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၄ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၁၂ ဦး ၊ အဆောက်အဦ ဆုံးရှုံးမှု ၇၂၇ ခု ၊ စက်ရုံအလုပ်ရုံ ဂိုဒေါင် ၁၄ ခု နှင့် မီးဘေးဒုက္ခသည် ၁၁၄၄ ဦးရှိခဲ့ပြီး ခန့်မှန်းခြေ ဆုံးရှုံးမှု တန်ဘိုး ကျပ်         ၂၀၆၁.၆၈ သန်း ……ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည် ။

"လျှပ်စစ်အပူလွန်ကဲမှု ဖြစ်စဉ်များ မဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ အနေဖြင့်"-

  • - လျှပ်စစ်မီးဖို ၊ လျှပ်စစ်မီးပူ ၊ လျှပ်စစ်ရေနွေးအိုး ၊ အပူပေးစက် စသည့် အပူစွမ်းအင်ထုတ် လျှပ်စစ်ပစ္စည်းများ အသုံးပြုနေချိန်တွင် အမြဲသတိထားစောင့်ကြည့်ရပါမည် ။ အသုံးပြုပြီး မီးခလုပ်ပြန်ပိတ်ရာတွင် သေချာစွာ ခလုပ်ပိတ်       ခြင်းများကို ဆောင်ရွက်ရပါမည် ။ အထူး သတိပြုရမည်မှာ "လျှပ်စစ်ပစ္စည်းများ အသုံးပြုနေချိန် အတွင်း လျှပ်စစ်မီး ပြတ်တောက် သွားပါက မီးခလုပ် ပိတ်ရမည်ကို လုံးဝ မမေ့ရန်" လိုအပ်ပါသည် ။

  • - ဝါယာကြိုး အပူလွန်ကဲပြီး ရှော့ခ်(Shock) ဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် သက်တမ်း ကြာမြင့်နေသော အိမ်တွင်း ဝါယာကြိုးများကို လဲလှယ်ခြင်း ၊ သုံးစွဲ လျှပ်စစ်ပစ္စည်း ဝန်အားနှင့် မမျှသော ဝါယာကြိုးများကို လဲလှယ်ခြင်း ၊ အိမ်   အခန်းအလိုက် ခွဲခြား၍ သတ်မှတ်အမ်ပီယာရှိသော ခလုပ်(Breaker)များ တပ်ဆင်ခြင်း၊ ဝန်အား သုံးစွဲမှုများသော လေအေးပေးစက် ၊ ရေခဲသေတ္တာ ၊ မီးဖို စသည်တို့တွင် သီးခြား အမ်ပီယာရှိသော ခလုပ် (Breaker)များ တပ်ဆင်     ရန် လိုအပ်ပါသည် ။

  •  - ယာယီအသုံးပြုကြိုးခွေများ ၊ နှစ်ပင်လိမ်ကြိုး နှင့် ပလပ်ပါသော ကြိုးခွေများ ၊ ယာယီ အသုံးပြုရန် သွယ်တန်းထားသော မီးဘုတ်ခုံများ ၊ မီးပလပ်ပေါက်များ ပါသော မီးဘုတ် များ၊ ဝါယာကြိုးများသည် သေးငယ်ခြင်းကြောင့် မီး      အားများစွာ အသုံးပြုသော မီးဖို အပူပေးစက် ၊ ရေနွေးအိုးစသည်တို့ကို အသုံးမပြုသင့်ပါ။

  • - လျှပ်စစ်ပစ္စည်းများသည် အရည်အသွေး ကောင်းဖို့လိုပါသည် ။ လျှပ်စစ်အသုံးအဆောင် ပစ္စည်းများသည် အရည်အသွေး မှတ်တမ်းတင် စစ်ဆေးထားသော QC(Quality Control) ပစ္စည်းများကို အသုံးပြုရန် လိုအပ်ပါသည် ။

  • - မော်တော်ယာဉ်များတွင်လည်း လျှပ်စစ်အပူလွန်ကဲမှု ဖြစ်ပွားရာမှ ယာဉ်ဆုံးရှုံးမှု ၊ ယာဉ်မောင်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု ၊ အသက်ဆုံးရှုံးမှု အန္တရာယ် ကြုံတွေ့မှုများ ဖြစ်ပေါ်လျက်ရှိပါသည် ။ ကြိုတင်ကာကွယ်မှု             ဆောင်ရွက်နိုင်ရန် ကား၏ ဝါယာကြိုးများ ၊ ဘက်ထရီများ ၊ စက်ပိုင်းဆိုင်ရာများ ကြိုတင်စစ်ဆေးခြင်း ဆောင်ရွက်ရပါမည် ။

     လျှပ်စစ်အပူလွန်ကဲခြင်းကြောင့် မီးပွားဖြစ်နေသော မီးစတင်လောင်မှု ဖြစ်ပွားသော နေရာကို ငြိမ်းသတ်ရန်အတွက် ရေဖြင့် ပက်ဖျန်းခြင်း ပြုလုပ်ပါက ဓာတ်လိုက်မှု ဖြစ်စဉ်ပါ ဆက်လက် ဖြစ်ပွားနိုင်ပါသည် ။ လျှပ်စစ်ကြောင့် မီးလောင်မှုတွင် ပက်ဖျန်းနိုင်သော DPC မီးသတ်ဆေးဗူး (Dry Chemical Power)နှင့် Foam Type မီးသတ်ဆေးဗူးများဖြင့်သာ ငြိမ်းသတ်နိုင်ပါသည် ။ စက်ရုံ ၊ အလုပ်ရုံ၊ အိမ်များနှင့် မော်တော်ယာဉ်များတွင် မီးသတ်ဆေးဗူးများ ထားရှိရန် လိုအပ်ပါသည် ။

        လျှပ်စစ်အပူလွန်ကဲမှု ဖြစ်စဉ်များ မဖြစ်စေရန် သတိပြုရမည့် အချက်များနေဖြင့်-

  • - လျှပ်စစ်ပစ္စည်းများကို ဆော့ကတ်(Sorket)ဖြင့် တပ်၍ သုံးစွဲရာတွင် ဆော့ကတ်နှင့် ပလပ်ကို ထိထိမိမိ ဖြစ်အောင် တပ်ဆင်သုံးစွဲပါ ။

  • - ရုံးခန်း ၊ စျေးဆိုင်များမှ ပြန်ချိန်များ ၊ အိမ်ပိတ်ပြီး အပြင်သွားချိန်များတွင် မီးခလုပ်များနှင့် မိန်းခလုပ်များကို ပိတ်ခဲ့ရန် မမေ့ပါနဲ့ ။

  • - လျှပ်စစ်အပူလွန်ကဲမှုကြောင့် မီးပွားဖြစ်မှု ၊ မီးတောက်လောင်မှု ဖြစ်ခဲ့ပါက မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်ပါ ၊ မိန်းခလုပ်ကို အမြန်ပိတ်ပါ ။

03-Jan-2018