The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မိုးကြိုးအန္တရာယ် သတိပြုဖွယ်

 မိုးတွင်းကာလ ကလေး၊ လူကြီး ထိတ်လန့်တကြား ဖြစ်ရသော အသံ………အိပ်ပျော်စဉ် လန့်နိုး စေသော အသံသည်ကား မိုးကြိုးအသံပင်ဖြစ်ပါသည်။ ကြောက်စရာကောင်းသော အသံကို ပေးသည် သာမက တိုက်ရိုက်ထိတွေ့သော လူ၊ တိရစ္ဆာန်တို့၏ အသက်ဝိဉာဉ်ကိုချွေယူတတ်သော သူ…… အဆောက်အဦ၊သစ်ပင်များကို မီးလောင်ပျက်စီးတတ်သောသူကား……. မိုးကြိုးပင် ဖြစ်ပါသည်။ မိုးကြိုးဖြစ်ပေါ်မှုနှင့် မိုးကြိုးပစ်ခြင်းဆိုင်ရာများကို သိရှိထားခြင်းဖြင့် မိုးကြိုးအန္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

မိုးကြိုး (Lightning)ဆိုတာ ဘာလဲ?

            မိုးကြိုးဆိုသည်မှာ ကောင်းကင်ရှိ လျှပ်စစ်အမဓာတ် စုဝေးနေသော (Negative Charge)  တိမ်တိုက် နှင့် မြေပြင်ရှိ လျှပ်စစ်အဖိုဓာတ် စုဝေးနေသော (Positive Charge) နေရာ (သစ်ပင်၊ အဆောက်အဦ အမြင့်) တို့အကြား လျှပ်စစ်ဓာတ်ကူးခြင်း (Electric Discharge) တနည်းအားဖြင့် လျှပ်စစ်အဖိုဓာတ်နှင့် အမဓာတ် ပေါင်းစပ်ခြင်းကြောင့် အလင်းရောင်တန်း (လျှပ်စီးလက်ခြင်း) နှင့် ကျယ်လောင်သော အသံတို့ ဖြစ်ပေါ်လာခြင်းကို ခေါ်ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိုးကြိုးပစ် သည်ဟု ခေါ်ဝေါ်မှု ပြုကြသည်။ 

            မြေပြင် နှင့် မဟုတ်ဘဲ ကောင်းကင်ရှိ တိမ်တိုက် တစ်ခုအတွင်းရှိ လျှပ်စစ်အဖိုဓာတ် နှင့် လျှပ်စစ် အမဓာတ် လျှပ်ကူးခြင်း နှင့် အဖိုဓာတ်ရှိသော တိမ်တိုက် နှင့် အမဓာတ်ရှိသော တိမ်တိုက်တို့ လျှပ်ကူး ခြင်းတို့ကြောင့် ဖြစ်ပေါ်သော အလင်းရောင်တန်းကို လျှပ်စီးလက်သည်ဟု လည်းကောင်း၊ ကျယ်လောင် ထစ်ချုန်းသံကို မိုးခြိမ်းသံဟု လည်းကောင်း ခေါ်ကြပါသည်။

မိုးကြိုး ဘယ်လိုဖြစ်ပေါ်လာသလဲ?

 မြေပြင်၌ ပူ၍ စွတ်စိုသော လေပူလေငွေ့များ တိုက်ခတ်သောအခါတွင် ထိုလေပူလေအေးများ သည်ကောင်းကင်သို့တက်သွားပြီးတိမ်တိုက်များအတွင်းလှည့်ပတ်သွားရာမှတိမ်တိုက်များတွင်လျှပ်စစ် ဒြပ် (Electric Charge)များ ပြိုကွဲသွားပြီး လျှပ်စစ်အဖိုဓာတ် (Positive Charge) နှင့် လျှပ်စစ်အမ ဓာတ် (Negative Charge)အစုအဝေးများ ဖြစ်ပေါ်စေသည်။ တိမ်တိုက်တစ်ခု အတွင်းမှာ လျှပ်စစ်အဖို ဓာတ်သည် တိမ်တိုက် အပေါ်ပိုင်း၌ လည်းကောင်း၊ လျှပ်စစ် အမဓာတ်သည် တိမ်တိုက် အောက်ခြေ၌ လည်းကောင်း တည်ရှိနေပြီး လျှပ်စစ်ဓာတ်ကို ရေခဲ သို့မဟုတ် ရေမှုန်များ အနေဖြင့် သိုလှောင်ထား ရှိပါသည်။ လျှပ်စစ်သိုလှောင်ထားသော တိမ်တိုက်များသည် များသောအားဖြင့် ညိုမဲသော အရောင် အဆင်းရှိကြပြီး မြေပြင် အထက် ၅ ကီလိုမီတာမှ ၆ ကီလို မီတာအတွင်း တည်ရှိပါသည်။

မိုးကြိုးအမျိုးအစားများ

(က)  တိမ်တိုက်တစ်ခုအတွင်း လျှပ်ကူးမှု ဖြစ်ခြင်း (Cloud to itself - Intra-cloud)

(ခ)   တိမ်တိုက်တစ်ခု နှင့် အခြား တိမ်တိုက် တစ်ခု လျှပ်ကူးမှု ဖြစ်ခြင်း(Cloud to Cloud-Intra-Cloud)

(ဂ)   တိမ်တိုက်မှ မြေပြင်သို့ လျှပ်ကူးမှုဖြစ်ခြင်း(Cloud to Ground-CG)

(ဃ)  မြေပြင်မှ တိမ်တိုက်သို့ လျှပ်ကူးမှု ဖြစ်ခြင်း(Ground to Cloud-GC)

ဖော်ပြပါ မိုးကြိုးအမျိုးအစား ၄ မျိုးမှ အပိုဒ်(က) နှင့် (ခ)ပါ တိမ်တိုက်တစ်ခုအတွင်း နှင့် တိမ်တိုက် နှစ်ခုကြောင့် ဖြစ်ပေါ်သော မိုးကြိုး၏ အလင်းရောင်ကို လျှပ်စီးလက်သည်ဟု လည်းကောင်း၊ ဖြစ်ပေါ်လာသောအသံကို မိုးခြိမ်းသည်ဟုလည်းကောင်း ခေါ်ဆိုလေ့ရှိကြပါသည်။ ကောင်းကင်တွင် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းသံ ကြားခြင်းများကို တွေ့ရှိပါက လယ်သမားများအနေဖြင့် မကြာခင် မိုးရွာတော့မည်ဟု အတွေ့အကြုံအရ မှတ်ယူ ထားကြ သည်။

            အပိုဒ်(ဂ) နှင့် (ဃ)ပါ တိမ်တိုက် နှင့် မြေပြင် ၊ မြေပြင် နှင့် တိမ်တိုက်အကြား ဖြစ်ပေါ်သော လျှပ်ကူးခြင်းကို မိုးကြိုးပစ်သည်ဟု ခေါ်ဝေါ်ကြပါသည်။ မိုးကြိုးပစ်ရာတွင် တိမ်တိုက် နှင့် မြေပြင် အကြား Potential အမြင့်ဆုံး (အဖို နှင့် အမ လျှပ်စစ်ဓာတ်အား ကွာခြားမှု အမြင့်မားဆုံး) အချိန်တွင် ဖြစ်ပေါ်ပြီး တစ်မိနစ်တွင် ၃ ကြိမ်ခန့် လျှပ်ကူးမှု ဖြစ်ပေါ်ပါသည်။ မိုးကြိုး တိမ်တိုက် နှင့် မြေပြင် လျှပ်စစ်စီးဆင်းမှု အကွာအဝေးသည် ၅ ကီလိုမီတာ မှ ၆ ကီလိုမီတာ အကွာအဝေး ရှိပါသည်။

မိုးကြိုးဖြစ်ပေါ်မှု နှင့် ပတ်သက်ပြီး သီအိုရီ များစွာ ရှိကြပါသည်။ Polarization Mechanism  Theory က တိမ်တိုက်များအတွင်းရှိ ရေခဲပုံဆောင်တုံးများ ကျဆင်းရာတွင်လေထုအတွင်းတွင်ဖြတ်သန်းစဉ် လျှပ်စစ်ဓာတ်ဆောင်သော ရေခဲပုံဆောင်တုံးများ (Electrically Polarized) အဖြစ် ပြောင်းလဲ သွားခြင်းကြောင့်ဟု ဆိုပါသည်။

Electrostatic Induction Theory ကလည်း မိုးကြိုးတိမ်တောင်၊ တိမ်တိုက်၏ အလယ်တွင် လျှပ်စစ်အဖို နှင့် လျှပ်စစ်အမဆောင်သော အုပ်စု ၂ စု ကွဲသွားရာမှ တိမ်တိုက်အတွင်း မိုးရေနှင့် ပွတ်တိုက်မှုများကြောင့် အဖို နှင့် အမ လျှပ်စစ်ဓာတ်အား ကွာခြားမှု(Potential)ကို ပိုမိုမြင့်မားလာခြင်း ကြောင့်ဟုဆိုပါသည်။The Discharge Theory က တိမ်တိုက်အတွင်း လျှပ်စစ်အဖိုဓာတ်နှင့် အမဓာတ် တို့လုံလောက်သောစွမ်းအင်တပြိုင်တည်းဖြစ်ပေါ်လာသောအခါ မိုးကြိုးဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။

            မိုးကြိုးလျှပ်စီးရာတွင် တိမ်တိုက် နှင့် မြေပြင် အကြား ဗို့အား သန်းဂဏန်း ပမာဏ ရှိပြီး လျှပ်စီး အမ်ပီယာသည် သောင်းဂဏန်း မှ သိန်းဂဏန်းထိ ရှိသဖြင့် မိုးကြိုးပစ်ခံရပါက လူနှင့် တိရစ္ဆာန်များ သေကြေမှု၊ သစ်ပင် အဆောက်အဦ နှင့် ပစ္စည်းများ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ပါသည်။ မိုးကြိုး သည် မြင့်မားသော လျှပ်စစ်စီးဆင်းမှုဖြစ်သည့်အတွက် မိုးကြိုးပစ်ခတ်သောနေရာတွင် လျှပ်စစ် စက်ကွင်း၊ တစ်နည်းအားဖြင့် မိုးကြိုးစက်ကွင်း ဖြစ်ပေါ်ပါသည်။ ယင်းမိုးကြိုးစက်ကွင်းအတွင်း ကျရောက်ပါကလည်း ဒဏ်ရာရရှိမှု နှင့် အသက်ဆုံးရှုံးမှုများ ရှိပါသည်။

နေရာအလိုက် မိုးကြိုးပစ် ခံရနိုင်မှု အခြေအနေ                         

            မိုးကြိုးပစ်ခံရမှုများတွင် အဆောက်အဦများ၏ ပြင်ပတွင် ၉၉% ခန့်ရှိပြီး အဆောက်အဦများ အတွင်းတွင် ၁% ခန့်သာ ရှိကြောင်း သိရှိရပါသည်။ မိုးကြိုး မုန်တိုင်း တိမ်တိုက်၏ အောက်တွင် ရောက်ရှိနေသူ တစ်ယောက် အတွက် မိုးကြိုးပစ်ခံရနိုင်မှု အခြေအနေသည် ၎င်းလူ၏ တည်နေရာပေါ် မူတည်၍ ကွာခြားမှု ရှိပါသည်။ ကွင်းပြင်အနေအထားတွင် ရောက်ရှိနေပါက မိုးကြိုး ပစ်ခံရနိုင်ခြေ အများဆုံးဖြစ်ပြီး ၄၅ % ၊ သစ်ပင် အောက်တွင် ရှိနေပါက ဒုတိယ အများဆုံးဖြစ်ပြီး ၂၃%၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင် စသည့် ရေနှင့်ထိစပ်မှုရှိသော နေရာများ၌ ရှိနေချိန်တွင် တတိယ အများဆုံး ဖြစ်ပြီး ၁၃.၆% အသီးသီးရှိကြောင်း စက်ဝိုင်းပုံ (၁)အရ တွေ့ရှိရမည် ဖြစ်ပါသည်။

 

မိုးကြီးပစ်ခံရမှုကြောင့် ဒဏ်ရာရ သေဆုံးမှု အခြေအနေ

မိုးကြိုးပစ်ခံရသည့်နေရာအလိုက် ဒဏ်ရာရ၊ သေဆုံးမှုများကို လေ့လာ သုတေသန ပြုချက်များ အရ ကွင်းပြင်တွင် လမ်းလျှောက်နေချိန်တွင် ဖြစ်ပွားမှု အများဆုံး ၂၂% ၊ အကြောင်းအရာ မဖော်ပြနိုင် သောအခြေအနေအရ ဖြစ်ပွားမှုသည် ဒုတိယ အများဆုံး ၁၄% ဖြစ်ပြီး သစ်ပင်များအနီး တွင် ဖြစ်ပွားမှု သည် တတိယ အများဆုံး ၁၀%၊ အဆောက်အဦများဆောက်လုပ်နေစဉ် အဆောက်အဦအပေါ်၌ မိုးကြိုး ပစ်ခံရမှုသည် ၉%၊ ယာဉ်ပေါ် နှင့် ထွန်စက် (Tractor)ပေါ်တွင် ၇% ဖြစ်ကြောင်း စက်ဝိုင်းပုံ (၂)အရ တွေ့ရှိရမည် ဖြစ်ပါ သည်။

            အဆောက်အဦပြင်ပ၊ ကွင်းပြင်များသို့ ရောက်ရှိနေချိန် လျှပ်စီးလျှပ်ခြင်း၊ မိုးခြိမ်းခြင်းများ ဖြစ်ပေါ်လာပြီးရှောင်တိမ်းပြေးဝင်ရန် အဆောက်အဦများမရှိပါက မိုးကြိုးပစ်ခြင်းအန္တရာယ်မှ ကာကွယ် နိုင်ရန် အတွက် အောက်ပါအတိုင်း လုပ်ဆောင်သွားရန် လိုအပ်ပါသည်-

 

 

(က)  မိမိလက်နှစ်ဖက်အားနားနှစ်ဖက်တွင် အုပ်ထားရန်။

(ခ)    ၎င်းနောက် ဆောင့်ကြောင့်ထိုင်ချပါ။

(ဂ)    ခြေဖနောင့်နှစ်ဖက်အား ပုံပါအတိုင်း ထိနေအောင် ထားရှိပြီး ခြေချောင်းများ၊ ရှေ့ခြေဖဝါး များနှင့်သာ မြေကြီးကို ထိထားရန်။

(ဃ)   လျှပ်စစ်ဓာတ် စီးဆင်းနိုင်မှုကောင်းသော သတ္တု၊သံ၊ ကြေး စသည့် လျှပ်ကူးပစ္စည်းများကို မိမိခန္ဓာကိုယ် နှင့် ထိနေခြင်း မရှိစေရန် နှင့် မိမိအနီး ပတ်ဝန်းကျင်တွင်လည်း မရှိစေရန်။

မိုးကြိုးအန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ?

            မိုးကြိုးဖြစ်ပေါ်မှုနှင့် မိုးကြိုးပစ်နိုင်မှု အခြေအနေများကို သိထားခြင်းဖြင့် လူ၊ တိရစ္ဆာန်များ၊ အဆောက်အဦများ၊ စက်ပစ္စည်းများ မိုးကြိုးပစ်ခံရခြင်း မခံရစေရန် ကြိုတင်ကာကွယ်မှု နှင့် သတိထား ရှောင်ကြဉ်မှုများကို ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

            

မိုးကြိုးပစ်ခတ်မှုများတွင် အဆောက်အဦ အမြင့်များ၊ တောင်ကုန်းမြင့်များ၊ ကွင်းပြင်ရှိ သစ်ပင် များ၊ တာဝါတိုင်များ၊ ချွန်ထက်သော အဆောက်အဦများ နှင့် တောင်ကုန်းများ၊ ကွင်းပြင်ရှိ လူ၊ တိရစ္ဆာန်များတွင် ဖြစ်ပွားမှု များပြားပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ မြေပြင်ရှိ လျှပ်စစ်ဓာတ်များသည် မြင့်သော နေရာ နှင့် ချွန်ထက်သော နေရာများတွင် စုဝေးမှု အများဆုံး ဖြစ်သည့်အတွက် တောင်ကုန်း၊ ကွင်းပြင်ရှိ လူ၊ တိရစ္ဆာန်၊ အဆောက်အဦ၊ သစ်ပင်များသည် အမြင့်ဆုံး အနေအထားတွင် ရှိနေခြင်း ကြောင့် မိုးကြိုးပစ်ခံနိုင်ရန် အကောင်းဆုံးနေရာအဖြစ် တည်ရှိနေခြင်း ဖြစ်ပါသည်။

           

 

ကွင်းပြင်၌ ရောက်ရှိနေချိန်တွင် ဆံပင်များ အပေါ်သို့ ထောင်လာခြင်း၊ ခန္ဓာကိုယ်တွင် ကြက်သီး မွှေးညှင်းထခြင်းများ ဖြစ်ပေါ်ပါက မိမိရောက်ရှိသည့် နေရာ၏ ပတ်ဝန်းကျင်တွင် မိုးကြိုးပစ်တော့မည့် လက္ခဏာ တစ်ရပ် ဖြစ်သည့်အတွက် နီးစပ်ရာ အဆောက်အဦအတွင်း သို့မဟုတ် သစ်တောအုပ် များအတွင်းသို့ အမြန်ဆုံး ပြေးဝင် ခိုလှုံ ရမည်ဖြစ်ပါသည်။ အထူးသတိပြုရန် အချက်အနေဖြင့် ကွင်းပြင် အတွင်းရှိ အပင်ထီးထီး သစ်ပင်၊ ပတ်ဝန်းကျင်တွင် အမြင့်ဆုံး သစ်ပင်တို့သည် မိုးကြိုး ပစ်နိုင်ခြေ အများဆုံး နေရာများ ဖြစ်သည့် အတွက် ၎င်းနေရာများတွင် မိုးခိုမှု မပြုရန် လိုအပ်ပါသည်။ ပုံတွင် သစ်ပင် ကို မိုးကြိုးပစ်၍ သစ်ပင်အောက်ရှိ နွားများ သေနေသည် ကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ မိမိပတ်ဝန်းကျင်တွင် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း အခြေအနေများ ရှိပါက မိုးကြိုးအန္တရာယ် ကြိုတင်ကာကွယ်ရန် နည်းလမ်းများ သိရှိရန် လိုအပ်ပါသည်။

အဆောက်အဦအတွင်းရှိစဉ်ဘယ်လိုကာကွယ်မလဲ ?

(က)  အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဆက်သွယ်သည့် ပလပ်များ၊ တယ်လီဖုန်းလိုင်းကြိုးများ၊ တီဗွီ အင်တာနာကြိုးများအား ဖြုတ်ထားရန်။

(ခ)    ဝင်ပေါက်တံခါးမကြီး၊  ပြတင်းပေါက်များနှင့် ဝေးသည့်နေရာတွင် နေထိုင်ရန်။

(ဂ)    ရေဒီယို၊ မိုးဘိုင်းဖုန်းများကို ပိတ်ထားရန်။

(ဃ)   ရေပိုက် နှင့် ဆက်စပ်သော ပစ္စည်းများအား ကိုင်တွယ်ခြင်း၊ စိုစွတ်သည့်နေရာ၊ ရေချိုးခန်း များ အတွင်း နေထိုင်ခြင်းမပြုရန်။

(င)   ကရိန်းကားပေါ်တွင် လုပ်ငန်းဆောင်ရွက်နေပါက ကရိန်းဘွန်းအား အနိမ့်ဆုံးတွင် ထား၍ မောင်းသူမှ ယာဉ်အပြင်ထွက်ကာ အကာအကွယ်ရှိသော အဆောက်အဦသို့ အမြန်ဆုံး သွားရောက်ရန်။

(စ)   အပင်ထီးထီးဖြစ်နေသောသစ်ပင်နှင့်နီးကပ်စွာနေထိုင်ခြင်းမပြုရန်။ ၎င်းနေရာသို့ရောက်ရှိ နေပါက အမြန်ဆုံး ထွက်ခွာရန်။

(ဆ) ကွင်းပြင်ကျယ်များ ၊ စိုစွတ်သည့်နေရာများတွင် နေထိုင်ခြင်းမပြုရန်။

(ဇ)  အမြင့်နေရာများတွင် နေထိုင်ခြင်းမပြုဘဲ အနိမ့်ပိုင်းနေရာများတွင်သာ နေထိုင်ရန်။

မိမိရှိရာနေရာ နှင့် မိုးကြိုးပစ်နိုင်သည့်နေရာ အကွာအဝေး ခန့်မှန်းခြင်း

          မိမိမှ မိုးခြိမ်းသံကြားနိုင်သော နေရာသည် မိုးကြိုး ပစ်နိုင်သော အကွာအဝေးတွင် ရှိပါသည်။ ကောင်းကင်တွင် လျှပ်စီးလက်မှုကို မြင်ရပြီးမှ မိုးခြိမ်းသံကို ကြားရခြင်းဖြစ်ရာ

အသံ၏ ၁ စက္ကန့် သွားနှုန်းအရ လျှပ်စီးလက်သည်ကို မြင်ရချိန်မှ မိုးခြိမ်းသံကြားချိန်အထိ ၅ စက္ကန့်တွင် ၁ မိုင်နှုန်းဖြင့် အကွာအဝေးကို ခန့်မှန်းနိုင်ပါသည်။ လျှပ်စီးလက်ပြီး ၅ စက္ကန့် အတွင်း မိုးခြိမ်းပါက မိုးကြိုး တိမ်တိုက် နှင့် မိမိတည်နေရာသည် ၁ မိုင် အတွင်း၊ ၁၀ စက္ကန့် အတွင်း မိုးခြိမ်းပါက  ၂ မိုင် အတွင်း၊ ၁၅ စက္ကန့်အတွင်း မိုးခြိမ်းပါက ၃ မိုင်အတွင်း၊ ၂၀ စက္ကန့် အတွင်း မိုးခြိမ်းပါက ၄ မိုင် အတွင်း စသည်ဖြင့် ခန့်မှန်း အကွာအဝေးကို သိရှိနိုင်ပါသည်။

အဆောက်အဦ နှင့် စက်ပစ္စည်းများ ဘယ်လို ကာကွယ် မလဲ?

            မိုးကြိုးပစ်ခြင်းကြောင့် အဆောက်အဦများ ထိခိုက် ပျက်စီးမှု၊ အဆောက်အဦများ မီးလောင်မှု ဖြစ်ပွားလေ့ရှိပါသည်။ စက်ပစ္စည်းများ အထူးသဖြင့် လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ သည် မိုးကြိုးလျှပ်စီးကြောင့် မီးလောင်မှု ပျက်စီးမှုများစွာ ဖြစ်ပွားလျက်ရှိပါသည်။

            အဆောက်အဦများမိုးကြိုးပစ်မှုကြောင့် ပျက်စီးခြင်းမှ ကာကွယ်နိုင်ရန်အတွက် အဆောက်အဦ ၏ ခေါင်မိုးပေါ် သို့မဟုတ် အဆောက်အဦ အနီးရှိ အဆောက်အဦထက်မြင့်သော နေရာတွင် မိုးကြိုးလွှဲ (Lightning Arrester) များကို တပ်ဆင်ရမည် ဖြစ်ပါသည်။ အဆောက်အဦ၏ အမြင့် အဆောက်အဦ ၏ အရွယ်အစားပေါ် မူတည်ပြီး မိုးကြိုးလွှဲအမြင့် နှင့် မိုးကြိုးလွှဲ အရေအတွက်ကို

တပ်ဆင်ရပါမည်။ မိုးကြိုးလွှဲ တပ်ဆင်ရာတွင် အသုံးပြုမည့် ကြေးကြိုး အရွယ်အစား နှင့် မိုးကြိုးလွှဲ တည်ဆောက်ရာတွင် မြေဓာတ်မိစေရန် ဆောင်ရွက်ထားရှိမှု (Earthing)သည် အရေးကြီးဆုံး အချက်ပင် ဖြစ်ပါသည်။ မိုးကြိုးလွှဲသည် အဆောက်အဦ ခေါင်မိုးအထက် အနည်းဆုံး ၃ ပေ မြှင့်၍ တပ်ဆင်ရမည် ဖြစ်ပါသည်။ မိုးကြိုးလွှဲကို မြေဓာတ်(Earthing) ကောင်းစွာရရှိရန် လိုအပ်ပြီး မြေဓာတ် ခုခံမှု (Earthing Resistance) သည်  ၁၀ အုန်း (10 Ω ) အောက်တွင် ရှိရမည် ဖြစ်ပါသည်။

            ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများအတွက် မိုးကြိုးလွှဲများ တပ်ဆင်ထားခြင်းဖြင့် စက်ပစ္စည်းများ ပျက်စီးမှု ၊ လိုင်းကြွေသီးများ ပျက်စီးမှုများကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။ ဗို့အားမြင့် ဓာတ်အားလိုင်းများတွင် Overhead Earth Wire များ၊ မိုးကြိုးလွှဲ (Lightning Arrester) များ တပ်ဆင်ထားရပါသည်။ ဓာတ်အားလိုင်းများသို့ မိုးကြိုးပစ်စဉ်တွင် ကောင်းကင်တိမ်တိုက်က ဆင်းလာသော လျှပ်စီးကို မြေကြီးအတွင်း အမြန်ဆင်းသက်သွားနိုင်ရန်အတွက် ဓာတ်အားလိုင်း များ၏ သတ်မှတ် ထားသော အကွာအဝေးရှိ တိုင်များ၌ မြေစိုက်ကြိုးများကို Earthing ကောင်းမွန် အောင် ပြုလုပ်၍ တပ်ဆင်ရပါသည်။ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများအတွက် Earthing Resistance သည် ၂ အုန်း (2Ω) အထိ ရအောင် ဆောင်ရွက် ရပါမည်။

            မိုးကြိုးပစ်ရာတွင် ဓာတ်အားလိုင်းမှ တစ်ဆင့် အိမ်တွင်းမီးလိုင်းသို့ ရောက်ရှိတတ်ရာ မီးလိုင်း နှင့် ဆက်သွယ်အသုံးပြုနေသော ရေဒီယို၊ တီဗွီ၊ ကွန်ပျူတာ စသည့် လျှပ်စစ်ပစ္စည်းများ လောင်ကျွမ်း ပျက်စီးမှု ဖြစ်ပွားလျက်ရှိသည့်အတွက် မိုးထစ်ချုန်း ရွာချိန်များတွင် လျှပ်စစ်ပစ္စည်းများကို ပိတ်ပြီး မီးကြိုးကို ဖြုတ်ထားရပါမည်။ တယ်လီဖုန်း အိပ်ချိန်းများ၊ ရေဒီယို စကားပြော စက်များသည် အီလက် ထရောနစ် ပစ္စည်းများ ဖြစ်ပြီး မိုးကြိုးပစ်ချိန်တွင် ပျက်စီးချို့ယွင်းမှု လွယ်ကူသည့်အပြင် ဆက်သွယ် ထားသော လိုင်းကြိုးများ၊ အင်တာနာကြိုးများကတစ်ဆင့် မိုးကြိုး ဝင်ရောက်နိုင်သည့် အတွက် မြေဓာတ်ခုခံမှု (Earthing Resistance) ၀.၂ အုန်း (0.2 Ω) အထိ ဆောင်ရွက်ကြပါသည်။

            မြေဓာတ်ရရှိမှု (Earthing Resistance) ကောင်းမွန်စေရန်အတွက် တစ်နေရာတည်း Earth ကျင်းတူးခြင်း မလုပ်ဘဲ ၂ နေရာ ၃ နေရာခန့် ကျင်းတူးပြီး Earthing Point များကို ပေါင်းထား ပေးခြင်း၊ Earth ကျင်းတူးရာတွင် သာမန် ကျင်းတူးခြင်းအစား Tube Well တွင်းများ တူးထားပြီး မြေအောက်အစိုဓာတ် ကောင်းကောင်း ရသည်အထိ ဆောင်ရွက်ခြင်းတို့ဖြင့် မိုးကြိုးလွှဲအတွက် မြေဓာတ် ရရှိမှုကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

            မိုးကြိုးလွှဲစနစ်ကို စနစ်တကျ တပ်ဆင်ပေးခြင်းဖြင့် မိုးကြိုး ပစ်ခတ်ခြင်းကြောင့် အဆောက်အဦ စက်ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်သည့်အတွက် ကျွမ်းကျင် ပညာရှင်များဖြင့် မြေစိုက် မိုးကြိုးလွှဲ စနစ် တပ်ဆင်ခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 

03-Jan-2018