လျှပ်စစ်ဓာတ်အားသုံးစွဲသူ အများစုသည် ဗို့အားနိမ့် ၄၀၀/၂၃၀ ဗို့ ဓာတ်အားကိုသာ သုံးစွဲ၍ စက်မှု လုပ်ငန်းငယ်များ၊ အိမ်တွင်း လျှပ်စစ်ပစ္စည်းများ၊ အလင်းရောင်မီးများအတွက် အသုံးပြုကြပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအတွက် ဓာတ်လိုက်မှု ဖြစ်စဉ်အများစုသည် ၄၀၀/၂၃၀ ဗို့ ဓာတ်အားသုံးစွဲမှုများကြောင့်ဖြစ်ပွားမှုသည် အများဆုံးဖြစ်ပါသည်။ လျှပ်စစ်ဓာတ်လိုက်မှုသည် ကိုင်တွယ် အသုံးပြုသော လျှပ်စစ်ပစ္စည်း၊ ဓာတ်အားလိုင်းကြိုးမှ တဆင့်လူ၏ခန္ဓာကိုယ်ကို ဓာတ်အား ဖြတ်သန်း စီးဆင်းခြင်းကြောင့်ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများ သုံးစွဲရာတွင် လည်းကောင်း၊ လျှပ်စစ်ဖြင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း လျှပ်စစ်အသိ လျှပ်စစ်သတိဖြင့် ဆောင်ရွက်ရပါမည် ။ ရာဘာ လက်အိတ်၊ ရာဘာ ဖိနပ်စသည့်လျှပ်စစ် ဖြတ်သန်း မစီးဆင်းနိုင်သော လျှပ်တား ပစ္စည်းများ အသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်ရပါမည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့်မိမိပတ်ဝန်းကျင် အသုံးအဆောင်များတွင် လျှပ်စစ် ဓာတ်အား ဖြတ်သန်း မစီးဆင်းနိုင်သော လျှပ်တားပစ္စည်း (Insulator) နှင့်လျှပ်စစ်ဓာတ်အား ဖြတ်သန်း စီးဆင်းနိုင်သော လျှပ်စီးပစ္စည်း (Conductor) တို့ကို သိရှိထားရန် လိုအပ်ပါသည်။
မိမိပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်သည့် ခြောက်သွေ့သော သစ်သား၊ ဝါး၊ အဝတ်အထည်များ၊ ရာဘာဖြင့်ပြုလုပ်သော ပစ္စည်းများ၊ ဖိုင်ဘာ၊ ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော ပစ္စည်းများသည် လျှပ်စစ် မစီးဆင်းနိုင်သော လျှပ်တားပစ္စည်း(Insulator)များ ဖြစ်ပါသည်။ မြေကြီး၊ တမံတလင်း၊ ကြေး၊ သံထည် ပစ္စည်းများ၊ သတ္တုများဖြင့်ဆောင်ရွက်ထားသော ပစ္စည်းများသည် လျှပ်စစ်စီးဆင်းနိုင်သော လျှပ်စီး ပစ္စည်းများ ဖြစ်ပါသည်။ ရေသည် လျှပ်စစ်ကောင်းစွာ စီးဆင်းနိုင်သောကြောင့်ရေစိုသော အဝတ်အထည်၊ ဖိနပ်၊ အသုံးအဆောင် ပစ္စည်းများသည် လျှပ်စစ်စီးဆင်းနိုင်ပါသည်။ လူအပါအဝင် သက်ရှိသတ္တဝါ အားလုံး သည်လည်း လျှပ်စစ် ဓာတ်အားစီးဆင်းနိုင်သည်။
မိမိပတ်ဝန်းကျင်တွင် တွေ့ရှိနေရသော ပစ္စည်းများကို လျှပ်တားပစ္စည်း နှင့်လျှပ်စီးပစ္စည်း ခွဲခြားသိရှိခြင်းဖြင့်လျှပ်စစ်ပစ္စည်းများ ကိုယ်တွယ်အသုံးပြုရာတွင်လည်းကောင်း၊ ဓာတ်လိုက်နေသူကို ကယ်တင်ရာတွင်လည်းကောင်း မိမိပါ အန္တရာယ် ကင်းစွာ ကိုင်တွယ်သုံးစွဲခြင်း၊ ကယ်တင်နိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
လျှပ်စစ်မစီးဆင်းနိုင်သော သစ်သားခင်း၊ ဝါးခင်း၊ ကြမ်းပြင်ပေါ်တွင် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ် အသုံးပြုပါက လျှပ်စစ်အန္တရာယ် နည်းမည် ဖြစ်သော်လည်း သမံတလင်း၊ မြေကြီးပေါ်တွင် ကိုင်တွယ် အသုံးပြုပါက လျှပ်စစ်အန္တရာယ် ကင်းရှင်းရန် အတွက် ခြောက်သွေ့သော ဖိနပ်စီးထားခြင်း သို့မဟုတ် သစ်သား ရာဘာပြားစသည့် လျှပ်စစ်မစီး နိုင်သော ပစ္စည်းများ ခြေထောက်အောက်တွင် ခင်း၍ လုပ်ငန်း ဆောင်ရွက်ပါက လျှပ်စစ်အန္တရာယ် ကင်းရှင်းနိုင်မည် ဖြစ်ပါသည်။ သမံတလင်း၊ ကြွေပြားခင်းထားသော အခန်းများတွင် ဖယောင်းပုဆိုး၊ ဂုန်နီ ကော်ဇောခင်းထားခြင်းဖြင့်လည်း လျှပ်စစ်အန္တရာယ်မှ ကာကွယ် နိုင်ပါမည်။
၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော် ရပ်ကွက်နေ ဦးဝင်းကို နေအိမ် သမံတလင်းကြမ်းပြင်တွင် စာကြည့် မီးစလောင်း
ပျက်နေ၍ ပြုပြင်ရန် အတွက် ဝါယာကြိုး ဆက်ရန် ဆောင်ရွက်ရာ၌ ပလပ်မဖြုတ်ဘဲ မီးခလုပ် ဖွင့်ထားပြီး ဆောင်ရွက်ခဲ့သဖြင့်ဦးဝင်းကို ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။ အကယ်၍သာ ဦးဝင်းကိုသည် ဖိနပ်စီးထား၍ လုပ်ငန်းဆောင်ရွက်ခဲ့ပါက ဓာတ်လိုက် သေဆုံးမှုမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
လျှပ်စစ်အန္တရာယ် ကင်းရှင်းရန် အတွက် နေ့စဉ် အသုံးများသော မီးဖိုချောင် အခင်းများသည် သမံတလင်း နှင့်ကြွေပြားအခင်းများ ဖြစ်ပါက မီးခလုပ်၊ မီးဖို ကိုင်တွယ်သော နေရာတွင် သစ်သားခုံ၊ ရာဘာပြား အခင်းပြားများကို ခြေထောက်တင် ချက်ပြုတ် နိုင်ရန် ဆောင်ရွက်ထားရမည် ဖြစ်ပါသည်။
လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုပ်များကို ပြုပြင် တပ်ဆင်၊ လဲလှယ်ခြင်းများ ဆောင်ရွက်ရာတွင်လည်း ရာဘာ လက်ကိုင်အစွပ်များ ပါရှိသည့် ပလိုင်ယာ၊ ဝက်အူလှည့်များကို အသုံးပြုခြင်း၊ လက်အိပ်စွပ် ကိုင်တွယ်ခြင်း၊ ခြောက်သွေ့ဖိနပ် စီးခြင်းဖြင့့်လျှပ်စစ်အန္တရာယ် ကင်းအောင် ဆောင်ရွက်ရန် လိုအပ်ပါ သည်။
လျှပ်စစ်အသုံးအဆောင် ပစ္စည်းများကို သတိမမူ ကိုင်တွယ်မိရာမှ လျှပ်စစ်အန္တရာယ် ကြုံတွေ့ရမှု ဖြစ်စဉ်များစွာ ဖြစ်ပွားခဲ့ပါသည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဖြစ်သည့် မီးပူ၊ မီးဖို၊ ရေနွေးအိုး၊ လျှပ်စစ် ထမင်းအိုး၊ မော်တာ၊ အပ်ချုပ်စက် စသည်တို့၏ ကိုယ်ထည်များသည် ဓာတ်ကြိုးများပေါက်ပြဲမှုမှတဆင့်လျှပ်စစ်ဓာတ်အား ရှိနေတတ်ပါသည်။ လျှပ်စစ်ပစ္စည်းများ၏ ကိုယ်ထည်များတွင်လျှပ်စစ်ဓာတ်အားရှိ/မရှိ သိရှိနိုင်ရန်အတွက် လျှပ်စစ်စမ်းသပ်သော Tester ဖြင့်စမ်းသပ် ကြည့်နိုင်ပါသည်။
လျှပ်စစ်စမ်းသပ်သော Tester ကို စတိုးဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး တစ်ထောင်ကျပ်အတွင်းသာ ရှိသည့် အတွက် အိမ်များတွင် တစ်ချောင်းစီ ဆောင်ထားသင့်ပါသည်။ Tester အသုံးပြုနည်းသည် အလွန်ရိုးရှင်း လွယ်ကူပါသည်-
(က) Tester ၏ ဓာတ်မလိုက်နိုင်သော အရင်းဘက် တွင် ကိုင်၍ ထိပ်ဖက်ကို လက်မဖြင့်ပိတ်၍ ကိုင်ရပါမည်။
(ခ) စမ်းသပ်လိုသော လျှပ်စစ်အသုံးအဆောင် ပစ္စည်းကို Tester အဖျားပိုင်းဖြင့်ထောက်ကြည့်ပါ။
(ဂ) Tester တွင် မီးလင်းနေပါက ၎င်းလျှပ်စစ် အသုံးအဆောင်တွင် လျှပ်စစ်ဓာတ်အား ရှိနေမည်ဖြစ်သည်။
Tester ဖြင့်လျှပ်စစ်ပစ္စည်း ကိုယ်ထည်ကို စမ်းသပ် ထောက်ကြည့်၍ မီးလင်းပါက ကိုင်တွယ် အသုံးပြုသူအနေဖြင့်လျှပ်စစ်အန္တရာယ် ရှိမည် ဖြစ်ပါသည်။ အဆိုပါ လျှပ်စစ်ပစ္စည်း၏ အတွင်း ဝါယာကြိုးများ ပေါက်ပြဲမှု ရှိ/မရှိ ကို လျှပ်စစ်ကျွမ်းကျင်သူများနှင့်စစ်ဆေးပြင်ဆင်ရပါမည်။ လျှပ်စစ်ပစ္စည်း များ၏ ကိုယ်ထည်များကို မြေဓာတ် (Earth)ချ၍ သုံးစွဲသော စနစ် ( 3 Pin စနစ်) ဆောင်ရွက်ပေးခြင်းဖြင့်ကိုင်တွယ်အသုံးပြုရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းနိုင်မည် ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့်လျှပ်စစ်အသုံးအဆောင် ပစ္စည်းများကို လျှပ်စစ်ဓာတ်အား စီးဝင်နေခြင်း ရှိ/မရှိ Tester ဖြင့်ကြိုတင်စစ်ဆေးခြင်း နှင့်ကိုင်တွယ်အသုံးပြုရာတွင် ရာဘာ လက်အိပ် စွပ်ခြင်း၊ လျှပ်တား ပစ္စည်းပါသော ပစ္စည်းကရိယာများ အသုံးပြုခြင်း၊ ခြေထောက်အောက်ခံတွင် လျှပ်တားပစ္စည်းများ ထားရှိ၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်လျှပ်စစ်အန္တရာယ်မှ ကင်းဝေး နိုင်မည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
ဝေယံ