The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်းအခမ်းအနား

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်

 

        မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ PSC Operator အစုရှယ်ယာဝင်များဖြစ်သည့်  MPRL E&P Pte., Ltd. ၊ Woodside Energy (Myanmar) Pte., Ltd.  နှင့် Total E&P Myanmar Co., Ltd. တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ သတင်းမီဒီယာများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ကမ်းလွန်လုပ်ကွက်အမှတ် A-6 ရှိ တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ စမ်းသပ်တွေ့ရှိမှုအခြေအနေသတင်းမှတ်တမ်းအား ပြသခဲ့ပြီး မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ သဘာဝ ဓာတ်ငွေ့ ရှာဖွေတွေ့ရှိမှုနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်အား ဖတ်ကြားခဲ့ပါသည်။

          ထို့နောက် ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များအား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညွှန်ကြားရေးမှူး(ကမ်းလွန်) မှ လည်းကောင်း၊  PSC Operator အစုရှယ်ယာဝင်များဖြစ်သည့် MPRL E & P Pte., Ltd. ၊ Woodside Energy (Myanmar) Pte., Ltd.  နှင့် Total E&P Myanmar Co., Ltd. တို့မှ တာဝန်ရှိသူများမှ လည်းကောင်းအသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်တွင်း/ ပြည်ပ သတင်းမီဒီယာများမှ ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ တွေ့ရှိမှုနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်း ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

            မြန်မာနိုင်ငံ အနောက်ဘက်ကမ်းလွန်ရှိ လုပ်ကွက်အမှတ် A-6 တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် MPRL E&P Pte., Ltd. တို့အကြား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract - PSC) စာချုပ်ကို ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ချုပ်ဆို၍ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းများကို စတင် ဆောင်ရွက်စေခဲ့ပါသည်။ အခြားအစုရှယ်ယာဝင်များဖြစ်သော သြစတြေးလျနိုင်ငံ အခြေစိုက် Woodside Energy (Myanmar) Pte., Ltd. နှင့် ပြင်သစ်နိုင်ငံအခြေစိုက် Total E&P Myanmar Co., Ltd. တို့မှ ပူးပေါင်းပါဝင်လာခဲ့ပါသည်။ ရွှေရည်ထွန်း-၂ ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် နေ့တွင် စတင်တူးဖော်ခဲ့ရာ ရည်မှန်းအနက် ၄၈၅၀ မီတာ အထိ တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့အသားတင်ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ ၄၀ မီတာ ခန့်ကို တွေ့ရှိခဲ့ပါသည်။ ယခုအခါ ၎င်းသဲကြောအား သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု စမ်းသပ်ခြင်း Drill Stem Test (DST) ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

          မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် မြန်မာအမျိုးသားများဦးဆောင်သော MPRL E&P Pte., Ltd. မှ ရင်းနှီးမြှုပ်နှံမှု (၂၀%) ဖြင့် လုပ်ငန်းဦးဆောင်ကုမ္ပဏီအဖြစ် လည်းကောင်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte., Ltd. မှ (၄၀%)၊  ပြင်သစ်နိုင်ငံ Total E&P Myanmar Co., Ltd. မှ (၄၀ %) အသီးသီး အချိုးကျပါဝင်ကာ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

          ယခု အကဲဖြတ်တွင်း/ ရှာဖွေရေးတွင်းဖြစ်သော ရွှေရည်ထွန်း-၂ တွင် သဘာဝ ဓာတ်ငွေ့များထုတ်ယူရရှိကြောင်း စမ်းသပ်တွေ့ရှိသဖြင့် မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း/ ရှာဖွေရေးတွင်းများ ဆက်လက်တူးဖော်ခြင်း၊ ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းတို့ကို စီးပွားဖြစ်ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတစ်ခုအဖြစ် အကောင်အထည်ပေါ်လာရေးအတွက် အစုရှယ်ယာဝင်များမှ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။   

25-Sep-2018