The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ)နှင့် လက်ထောက်အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

 ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (  ၁ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ)နှင့် လက်ထောက် အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အချင်းများ တိုးတက်စေရန် နိုင်ငံခြား သို့ ပညာသင်စေလွှတ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ များသို့ တက်ရောက်စေခြင်းတို့အပြင် အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ် ပေးခြင်း၊ အခြားဌာနများမှ ပို့ချသည့်သင်တန်းများသို့ တက်ရောက်သင်ကြားစေခြင်း တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်း၏ ရည်ရွယ်ချက်သည် နိုင်ငံ့ဝန်ထမ်းတစ်ယောက်အဖြစ် ဌာနဆိုင်ရာ လုပ်ငန်းရပ်များအား ထဲထဲဝင်ဝင် ဆောင်ရွက်ကြသည့်အခါတွင် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက် များ၊ အသုံးချရမည့် နည်းပညာရပ်များ၊ လုပ်ဆောင်ရမည့်နည်းလမ်းများ၊ ထိုသို့ လုပ်ဆောင်ရာတွင် ဆောင်ရန်၊ ရှောင်ရန် အစရှိသည့် အသိပညာပေးမှုများနှင့်အတူ ဖြစ်ပေါ်လာမည့် အနာဂတ်စွမ်းအင်လိုအပ်ချက်နှင့် စူးစမ်းရှာဖွေဖော်ထုတ်မှုတို့ကို လျှပ်စစ် ကဏ္ဍဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ငန်းခွင်မဝင်မီ ကြိုတင်သိထားသင့်သည့်အတွက် လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးကို ရည်ရွယ်၍ ယခုလို အကြို လုပ်ငန်းခွင်ဝင်သင်တန်းကို စီစဉ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနအလိုက် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ခေတ်နှင့်အညီ တိုးတက်လာသည့် လုပ်ငန်းပိုင်းဆိုင်ရာ အဆင့်မြင့်နည်းပညာရပ်များ အသုံးချနေမှုများအား အချိန်တိုကာလ အတွင်း ရှင်းလင်းနားလည်အောင် ပို့ချပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသား များအနေဖြင့် အထူးဂရုစိုက် လေ့လာသင်ယူမှတ်သားကြရန်လိုကြောင်း၊ ဝန်ကြီးဌာန၏ သမိုင်းကြောင်းနှင့်ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ သိကောင်းစရာများ၊  လုပ်ငန်းဌာနများအလိုက် လုပ်ငန်းတာဝန်နှင့် သိကောင်းစရာများ၊ ဆောင်ရွက်ချက်၊ ဆောင်ရွက်မှုအခြေအနေများ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ မဟာစီမံကိန်းလျာထားချက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများ၏ သိကောင်းစရာများ၊ ရေအားလျှပ်စစ်ဆိုင်ရာ ဓာတ်အားပေးစက်ရုံများ၊ ရေလှောင်တမံများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားစနစ် အကြောင်း သိကောင်းစရာများကို သင်ကြားပို့ချပေးသွားရန် စီစဉ်ထားရှိပါကြောင်း၊ သင်တန်း၏ ရည်ရွယ်ချက်အတိုင်း ထိရောက်စေရေးအတွက် တက်ရောက်လာသည့် သင်တန်းသားများကို သင်တန်းနည်းပြများက မိမိတို့လုပ်သက်တစ်လျှောက် လုပ်ငန်း အတွေ့အကြုံများ ထည့်သွင်းပြီး သင်ကြားပို့ချသွားကြမည်ဖြစ်၍ သင်တန်းသားများအ​နေဖြင့် တတ်လိုသည့်စိတ်၊ သိလိုသည့်စိတ်များကို အရင်းခံပြီး စိတ်ဝင်တစား ကြိုးစား လေ့လာသင်ယူ ဆည်းပူးကြရန် ပြောကြားလိုပါကြောင်း၊ ယခုသင်တန်းမှရရှိသည့် အကျိုးရလဒ်သည် ရှေ့ဆက်လျှောက်မည့် ဝန်ထမ်းသက်တမ်းအတွက် မှတ်ကျောက် တစ်ခုအဖြစ် အထင်အရှား တည်ရှိနေမည်ဖြစ်သည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လျှပ်စစ်၊ စက်မှုနှင့် ဆေးပညာဆိုင်ရာကဏ္ဍများတွင် နည်းပညာရပ် ဆိုင်ရာများသည် တစ်ဟုန်ထိုးမြင့်မားတိုးတက်နေသည့်အတွက် မည်သည့်နည်းပညာရပ် ကိုမဆို အမြဲတစေ ဆည်းပူးလေ့လာပြီး တွေးတောကြံဆခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် လက်တွေ့ကြိုးစား အားထုတ်လုပ်ကိုင်ခြင်းကို အခါမလပ် ဆောင်ရွက်နိုင်မှသာ အောင်မြင်မှု အသီးအပွင့်များကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းကို တက်ရောက်လာ သည့် သင်တန်းသားများအနေဖြင့် သင်တန်းက သတ်မှတ်ထားသည့် စည်းကမ်းများနှင့် အညီ လိုက်နာနေထိုင်သွားကြရန်၊ ကျန်းမာရေးကိုဂရုစိုက်ကြရန်၊ သင်တန်းက ပို့ချပေး သည့် ပညာရပ်များကို စိတ်ပါလက်ပါ အားတက်သရော သင်ကြားကြရန်၊ မရှင်းလင်း သည့် အချက်များ၊ ယူဆချက်များရှိပါက ပြန်လည်ဆွေးနွေးကြရန်၊ သင်တန်းကာလ အတွင်း ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီနေထိုင်သွားကြရန်၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုနိုင်ပြီး နိုင်ငံတော်၏ လုပ်ငန်း များတွင် လက်ဆင့်ကမ်းသယ်ဆောင်သွားကြမည့် အရာထမ်းဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ ပါသည်။

          အဆိုပါ ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ) နှင့် လက်ထောက်အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းအား သင်တန်းသား ၆၀ ဦးဖြင့် ရက်သတ္တ (၂) ပတ်ကြာ

ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
01-Oct-2018