.
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ( ၁၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ) နှင့် လက်ထောက် အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်း ဝန်ဦးတင်မောင်ဦး၊ ဦးစီးဌာန/ လုပ်ငန်း/ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင် ယနေ့ခေတ်တွင် တာဝန်ပေးအပ်သည့် ရည်မှန်းချက်များအပေါ် စိစစ်အကဲဖြတ်ရာတွင် ရလဒ်အခြေပြု (Result Based) ပုံစံနှင့် တိုင်းတာသတ်မှတ်လာကြသည်ကို တွေ့မြင်နေရပါကြောင်း၊ ရလဒ်အခြေပြုပုံစံကိုသွားရန်အတွက် အသိပညာအခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများ ရရှိရေးသည်လည်း မရှိမဖြစ်အလေးထားဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းဆိုသည်မှာ အသိပညာ၊ အတတ်ပညာပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိသူများကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်ပြီးခဲ့သည့် လုပ်ငန်းခွင်ဝင်အကြိုသင်တန်းသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၏ လုပ်ငန်းဌာနများတွင် လိုအပ်နေသည့် ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ)နှင့် လက်ထောက်အင်ဂျင်နီယာများကို ပြင်ပမှယှဉ်ပြိုင်စနစ်နှင့် အရည်အချင်းပြည့်မီ၍ ရွေးချယ်ခန့်အပ်ခြင်းခံရသူများကို လုပ်ငန်းခွင်မဝင်ရောက်မီ အကြိုသင်ကြားပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ ယခုသင်တန်း၏ ရည်ရွယ်ချက်သည် နိုင်ငံ့ဝန်ထမ်းတစ်ယောက် အဖြစ် ဌာနဆိုင်ရာလုပ်ငန်းရပ်များတွင် ထဲထဲဝင်ဝင်ဆောင်ရွက်ကြသည့်အခါမှာ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်များ၊ အသုံးချရမည့်နည်းပညာရပ်များ၊ လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ထိုသို့လုပ်ဆောင်ရာတွင် လုပ်ငန်းခွင်အတွင်းဆောင်ရန်၊ ရှောင်ရန်စသည့် အသိပညာပေးမှုများနှင့်အတူ လျှပ်စစ်ကဏ္ဍဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ငန်းခွင်မဝင်ခင် ကြိုတင်သိထားသင့်သည့်အတွက် လုပ်ငန်းခွင်တွင် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးကို ရည်ရွယ်၍ ယခုသင်တန်းကို စီစဉ်ပို့ချပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းသားများသည် ဝန်ကြီးဌာနသမိုင်းကြောင်းနှင့် ဝန်ကြီးရုံးဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ သိကောင်းစရာ များ၊ စွမ်းအင်ကဏ္ဍလုပ်ငန်းဌာနများ၏ လုပ်ငန်းတာဝန်နှင့်သိကောင်းစရာများ၊ လုပ်ငန်း ဆောင်ရွက်ချက်၊ ဆောင်ရွက်မှုအခြေအနေများ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ မဟာစီမံကိန်း လျာထားချက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများ၏ သိကောင်းစရာများ၊ ရေအားလျှပ်စစ်ဆိုင်ရာ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားစနစ်အကြောင်း သိကောင်းစရာများတို့ကို အထိုက်အလျောက် သိရှိနားလည် နေမည်ဖြစ်ပါကြောင်း၊ သင်တန်းဆရာများကလည်း လုပ်ငန်းခွင်တွင် လက်တွေ့ဆောင်ရွက် နေရသော လုပ်ငန်းစဉ်များအကြောင်း သင်ကြားပေးခဲ့ပြီးဖြစ်သလို သင်တန်းသားများ အနေဖြင့်လည်း သိလိုစိတ်၊ တတ်လိုစိတ်များကိုအရင်းခံ၍ စိတ်ဝင်တစားကြိုးစားလေ့လာ သင်ယူဆည်းပူးခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီးမှ ထူးချွန်သင်တန်းသားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်မှ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်း လွှာများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။