၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ( ၁၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို လျှော့ချနိုင်ရန်၊ သစ်တောပြုန်းတီးမှု (Deforestation) လျှော့ချနိုင်ရေးအတွက် ထင်းမီးသွေး သုံးစွဲမှုကို အစားထိုးနိုင်ရန်နှင့် သန့်စင်သန့်ရှင်းသော ချက်ပြုတ်မှုကို ဆောင်ရွက်နိုင်ပြီး ကျန်းမာရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ LPG ရေနံဓာတ်ငွေ့ရည်သုံးစွဲမှုကို မြို့ကြီးများမှတစ်ဆင့် နယ်မြို့ကျေးရွာများအထိ သုံးစွဲလာနိုင်စေရေး Pilot Project များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ရှမ်းတဲကျေးရွာအုပ်စုရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်သို့ သွားရောက်၍ ရှမ်းတဲကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခဲ့ပါသည်။
ထိုသို့ ပြောကြားရာတွင် အိမ်တွင်းသုံးစွဲသူများနှင့် စက်မှုလက်မှုသုံးစွဲသူများအား စျေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် LPG ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်မှု တိုးတက်စေရေး အတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းပြီး နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင် လုပ်ငန်းထုတ်လုပ်မှုသို့ လွှဲပြောင်းပေးရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ပြည်သူလူထုမှ အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘေးအန္တရာယ်မဖြစ်စေရေး ကိုင်တွယ်မှု နည်းလမ်းများကိုလည်း သရုပ်ပြပေးလျက်ရှိ၍ စနစ်တကျ ကိုင်တွယ်သုံးစွဲ ကြရန်လိုအပ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် အိမ်ထောင်စု (၁ သန်း) အား ရေနံဓာတ်ငွေ့ရည် တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေနံဓာတ်ငွေ့ရည်အား တွင်ကျယ်စွာ သုံးစွဲလာခြင်းဖြင့် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုလျော့ကျပြီး သစ်တေပြုန်းတီးမှုလျှော့ချနိုင်ရေးအတွက် ထင်းမီးသွေးသုံးစွဲမှုကို အစားထိုးနိုင်ရန် ရည်ရွယ်၍ ကျေးရွာအရောက် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်း CSR အဖြစ် ရေနံဓာတ်ငွေ့ရည်အိုးများပေးအပ်ခြင်း၊ ယခင် ဖြန့်ဝေပေးခဲ့သောအိုးများကို LPG ရေနံဓာတ်ငွေ့ရည် ထပ်မံဖြည့်တင်းလဲလှယ်ခြင်း၊ ကျေးရွာနေပြည်သူများမှ ရေနံဓာတ်ငွေ့ရည်အိုးကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ် အသုံးပြု လာတတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူများမှ LPG ရေနံဓာတ်ငွေ့ရည်အိုး သုံးစွဲခြင်းအားဖြင့် ချက်ရေးပြုတ်ရေးကိစ္စရပ်များတွင် လွယ်ကူ လျင်မြန်စွာ ဆောင်ရွက် နိုင်လာသဖြင့် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားကြပါသည်။
၎င်းနောက် Elite Petrochemical Co.,Ltd. မှ ပေးအပ်လှူဒါန်းသော ဓာတ်ငွေ့ရည် အိုး ၂၃၀ အား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျေးရွာနေ ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူ များမှ ရေနံဓာတ်ငွေ့ရည်အိုးကို ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ်အသုံးပြုပုံ အခြေအနေများကို သရုပ်ဖော်ရှင်းလင်းပြသခဲ့ကြပါသည်။