၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ( ၁၈ )ရက်
တရုတ်နိုင်ငံ Jiangsu ပြည်နယ်၊ Suzhou မြို့တွင် ရောက်ရှိနေသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့သည် တရုတ်နိုင်ငံ အမျိုးသား စွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration of China - NEA) မှ ဦးဆောင်ကျင်းပသော ရပ်ဝန်းနှင့်လမ်းကြောင်း စွမ်းအင်ဝန်ကြီးများညီလာခံ (Belt and Road Energy Ministerial Conference) ဖွင့်ပွဲအခမ်းအနားသို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၀၉:၀၀ နာရီအချိန်တွင် တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် (State Councilor of China) Mr. Wang Yong မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ထံမှ ညီလာခံသို့ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။
ညီလာခံသို့ နိုင်ငံပေါင်း (၂၉) နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း (၇) ခု တို့မှ တက်ရောက်ခဲ့ ကြရာ၊ မြန်မာနိုင်ငံမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ တိုးတက်မှုအခြေအနေ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို လျှော့ချပေးနိုင်သဖြင့် အလေးထားဆောင်ရွက်သွားကြရန်၊ ကာဘွန်လျှော့ချ ရန် အခက်အခဲဖြစ်နေသော နိုင်ငံများကို အကူအညီပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်သွား ကြရန် ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲစကားဝိုင်းများ ရပ်နားချိန်တွင်လည်း မြန်မာနိုင်ငံနှင့် အကျိုးတူ ဖက်စပ် လုပ်ဆောင်နေသော တာပိန် (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တာဝန်ယူ တည်ဆောက်ခဲ့သည့် China Datang Over Seas Investment Co.,Ltd. မှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံအတွင်းရှိ စူးစမ်းတိုင်းတာနေသော ရေအားစီမံကိန်းများအား ဆက်လက် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ International Energy Charter အဖွဲ့ နှင့်လည်း နယ်စပ်ဖြတ်ကျော်၍ လျှပ်စစ်မီး ကုန်သွယ်မှုဆိုင်ရာများ သင်ကြားပေးနိုင်ရေးနှင့် မူဘောင်ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ညီလာခံသို့ တက်ရောက်လာကြသော ဝန်ကြီးများမှ Joint Declaration on Building the Belt and Road Energy Partnership ကြေညာစာတမ်းအား ထုတ်ပြန် ခဲ့ကြပါသည်။