၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ( ၂၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ရှိ ၁၃၂ ကေဗွီဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ဓာတ်အားခွဲရုံမှူးမှ ပင်မဓာတ်အားခွဲရုံနှင့်ပတ်သက်သည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ သန့်ရှင်းကြံ့ခိုင်မှု ကောင်းမွန်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးသုံးစွဲသူပြည်သူများ ဓာတ်အား ပြတ်တောက်မှု လျော့နည်းပပျောက်စေရေးနှင့် ဗို့အားတည်ငြိမ်ပြည့်ဝစွာရရှိရေးတို့အတွက် အထူးဂရုပြုဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှု ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကယားပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာနလက်အောက်ရှိ မိုးဗြဲရေလှောင်ကန်သို့ ရောက်ရှိပြီး တာဝန်ရှိသူများမှ ရေလှောင်ကန် အတွင်း ရေဝင်ရောက်မှုနှင့် ရေစုဆောင်းထားမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ရေလှောင်ကန်အတွင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် အဖွဲ့သည် လွိုင်ကော်မြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းလက်အောက်ရှိ ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်း စက်မောင်းနှင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။
ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လွိုင်ကော်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အား (၂၈ မဂ္ဂါဝပ် x ၆ လုံး) ၁၆၈ မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရ နှစ်စဉ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ ၁၁၉၀ ကီလိုဝပ်နာရီ သန်းပေါင်း ဖြစ်ပါသည်။ ပထမစက် (၃) လုံးအား ၁၉၆၀ ခုနှစ်တွင် စတင်မောင်းနှင်ခဲ့ပြီး ဒုတိယစက် (၃) လုံးမှာ ၁၉၇၄ ခုနှစ်မှ စတင်လည်ပတ်မောင်းနှင် ဓာတ်အားထုတ်လုပ် ပေးခဲ့ခြင်းဖြစ်ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Future Energy Co., Ltd ၏ ဘီလူးချောင်း အမှတ် (၃) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ရှိသူများမှ စက်ရုံအတွင်း လိုက်လံပြသ၍ စက်ရုံ၏ ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ ပါသည်။ ဘီလူးချောင်း အမှတ် (၃) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ကယား ပြည်နယ်၊ လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာအကွာ ဘီလူးချောင်းနှင့် ပွန်းချောင်းဆုံရာအနီးတွင် တည်ရှိပြီး အမှတ် (၂) ဓာတ်အားပေးစက်ရုံမှ ထုတ်လွှတ်သော ရေကိုရယူ၍ စက်တပ်ဆင်အင်အား(၂၆ မဂ္ဂါဝပ် x ၂ လုံး) ၅၂ မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၃၃၄ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပါသည်။ ဘီလူးချောင်းစက်ရုံများ စက်လည်ပတ်ရန် ရေရယူမှုမှာ အင်းလေးကန်မှစီးဆင်းလာသောရေများအား မိုးဗြဲရေလှောင် တမံတွင် စုဆောင်းကာ ဘီလူးချောင်းမှတဆင့် ဖိအားမြှင့်ကွန်ကရစ်ပိုက်လိုင်းနှင့် ရေသွယ်မြောင်းများမှ ဘီလူးချောင်း အမှတ် (၁)၊ (၂)နှင့် (၃) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပို့လွှတ်၍ လျှပ်စစ်ဓာတ်အားကို အဆင့်ဆင့်ထုတ်ယူခြင်းဖြစ်သည်။
ဘီလူးချောင်းဓာတ်အားပေးစက်ရုံ အမှတ် (၁)၊ (၂)နှင့် (၃) တို့မှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ၂၃၀ ကေဗွီဓာတ်အားလိုင်းများဖြင့် ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။