၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ( ၅ ) ရက်
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာ အဖွဲ့တို့အကြား သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ Royal ACE Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ကိုယ်စား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပထမအတွင်းဝန် Mr. Su Zhe ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ချာလီသန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာအဖွဲ့ကိုယ်စား Director of the Center for Professonal Training & Services Ms. Xin Bing နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ချာလီသန်း နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာအဖွဲ့မှ Director of the Center for Professonal Training & Services Ms. Xin Bing တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြပါသည်။
ထို့နောက် သဘောတူညီမှုစာချွန်လွှာအား မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ချာလီသန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာအဖွဲ့မှ Director of the Center for Professonal Training & Services Ms. Xin Bing တို့က လက်မှတ်ရေးထိုးကြပြီး စာချုပ်များ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်တို့က အသိသက်သေအဖြစ်ဆောင်ရွက်ပေးခဲ့ကာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
သဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာအဖွဲ့တို့အကြား အင်ဂျင်နီယာနည်းပညာ ဆိုင်ရာ လက်မှတ်များ အပြန်အလှန် စိစစ်အကဲဖြတ်မှုပြုလုပ်မည့်စနစ်တစ်ရပ် ထူထောင် ရန်၊ နှစ်ဖက် အင်ဂျင်နီယာပညာရှင်လက်မှတ်များ အပြန်အလှန် အသိအမှတ်ပြုရေးကို သက်ဆိုင်ရာနိုင်ငံ၏ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ Washington Accord Signotary လျှောက်ထား ခြင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာအဖွဲ့မှ အားပေးကူညီရန်နှင့် ဆက်စပ် အင်ဂျင်နီယာနည်းပညာလက်မှတ် ထုတ်ပေးခြင်းနှင့် ကျွမ်းကျင်သူလေ့ကျင့်မှု များအတွက် လိုအပ်သည့်လေ့ကျင့်မှုများပေးရန်၊ ASEAN Mutual Recognition Agreement on Engineering Services အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာအဖွဲ့ ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အားပေး ကူညီရန်တို့ကို နှစ်ဖက်အပြန်အလှန် သဘောတူခဲ့ကြပါသည်။