၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး၀င်းခိုင်သည် ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဓာတ်အားခွဲရုံမှူးမှ နိုင်ငံတော်ဓာတ်အား စနစ်မှ ဓာတ်အားကို ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံမှတဆင့် ချိတ်ဆက်၍ ဧရာဝတီတိုင်း ဒေသကြီး အတွင်းသို့ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး ချုပ်တို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် နောင်တိုးတက် သုံးစွဲလာနိုင်မည့် ဝန်အားကို ပြည့်မီစွာသုံးစွဲနိုင်ရန် ဓာတ်အားထုတ်လုပ်ရေးအပိုင်းများကို ဆောင်ရွက်နေပြီဖြစ်၍ ဓာတ်အားသယ်ဆောင်မှုအပိုင်းများကိုလည်း တပြေးညီ စီမံဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ ဖြန့်ဝေမှုအပိုင်းတွင်လည်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ပြတ်တောက်မှုဖြစ်ပေါ်ပါက အချိန်နှင့်တပြေးညီ သတင်း ထုတ်ပြန်သွားရန်၊ ပြတ်တောက်မှု အခြေအနေအား အလျင်မြန်ဆုံး ပြင်ပြင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံမှူးမှ ယူရီးယားဓာတ်မြေသြဇာ ထုတ်လုပ်ဖြန့်ဖြူး ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူး၊ ဦးအောင်မြင့်မှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ၀န်ကြီးမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီပြီး စနစ်တကျ ထုပ်ပိုးရေး၊ ညီညွတ်မျှတထိုက်သင့်သောစျေးနှုန်းဖြင့် ပြည်သူ့လက်ဝယ်ဖြန့်ဖြူးရောင်းချရေး၊ အလေအလွင့် လျော့နည်းစေရေးနှင့် စက်စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေးတို့အား အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ ပါသည်။
အဆိုပါ ဓာတ်မြေသြဇာစက်ရုံသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ အိုးဘိုကျေးရွာတွင်တည်ရှိပြီး ညောင်တုန်းရေနံမြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး စိုက်ပျိုးရေးအတွက်လိုအပ်သော ယူရီးယား ဓာတ်မြေသြဇာများကို တစ်ရက်လျှင် ၃၅၀ တန် ထုတ်လုပ်ပေးနိုင်သော စက်ရုံဖြစ်ပြီး၊ ၎င်းစက်ရုံမှ ထုတ်လုပ်သော ဓာတ်မြေသြဇာများကို မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းမှ ပြည်သူများထံသို့ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)နှင့် ကျွန်းချောင်းမှညောင်တုန်းသို့ ပြောင်းရွှေ့လာသော အမှတ်(၃) ရေနံဓာတ်ငွေ့ရည် စက်ရုံ စက်တပ်ဆင်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာ၀န်ခံ၊ ဦးမောင်မောင်ဦးမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးအောင်မြင့်မှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု၀န်ကြီးမှ ရေနံဓာတ်ငွေ့ရည်များကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်ဓာတ်အား ချွေတာနိုင်ခြင်း၊ ထင်း/မီးသွေး၊ လောင်စာသုံးစွဲမှုကို လျော့ချနိုင်ခြင်း တို့ကြောင့် သဘာဝပတ်၀န်းကျင်ညစ်ညမ်းမှုများ (Environmental Pollutions) ကို လျော့ချနိုင်ခြင်း နှင့် ကျန်းမာရေးကိုအထောက် အကူပြုနိုင်မည်ဖြစ်၍ ဆောင်ရွက်စဉ်ဘေးအန္တရာယ်ကင်းရှင်းပြီး အမြန်ဆုံးဖြန့်ဝေနိုင်ရေးစီမံဆောင်ရွက်မှာကြားခဲ့ပါသည်။
မအူပင်နှင့် ညောင်တုန်းရေနံမြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ၂၀၁၀ ခုနှစ်မှ စ၍ အမှတ်(၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)မှ တစ်ရက်လျှင် ရေနံဓာတ်ငွေ့ရည် ၁၂ တန် ထုတ်လုပ် လျက်ရှိပါသည်။ ထို့အတူ အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း) အား ညောင်တုန်းဒေသသို့ ပြောင်းရွှေ့တပ်ဆင်လျက်ရှိပါသည်။ စက်တပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် ရေနံဓာတ်ငွေ့ရည် စုစုပေါင်း (၂၀)တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်သူများအား ပိုမိုဖြန့်ဖြူး ရောင်းချနိုင်မည် ဖြစ်ပါသည်။