The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတည်ဆောက်ရေးတင်ဒါ (စစ်ကိုင်းတိုင်းဒေသကြီး C1 W1) အောင်မြင်သည့် ကုမ္ပဏီ ၄ ခု တို့အကြားတည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ  (   ၂၁  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းပါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများဖြစ်သည့် Able Winner Co.,Ltd ၊ Soe Moe Than Co., Ltd ၊ Helta Light Co.,Ltd နှင့် Myanmar Super Ray Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ၁၄:၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာချုပ် လက်မှတ်ရေးထိုးကြမည့် ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင် အတွင်း ကျေးရွာ ၅၀၈၀ ရွာကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါပထမအဆင့်စာရင်းပါ ကျေးရွာ ၅၀၈၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို (International  Competitive Bidding – ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများရောက်ရှိလျက်ရှိပါကြောင်း၊ ယခုအခါ အဆိုပါပထမအဆင့်ပါ ကျေးရွာများအတွက် တည်ဆောက်တပ်ဆင်ခြင်းတင်ဒါကို (National  Competitive Bidding – NCB) စနစ်ဖြင့် တင်ဒါခေါ်ဆိုခဲ့ပြီး နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်များပါဝင်မည့် တင်ဒါစိစစ်ရေးအဖွဲ့ဝင်များနှင့်အတူ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခဲ့ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအား စာချုပ်ချုပ်ဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုတင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာမှု အသေးစိတ် ဆောင်ရွက်ပြီး လုပ်ငန်းများ အမြန်စတင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်ရမည့် နိုင်ငံတော်အဆင့် လုပ်ငန်းဖြစ်ပါ၍ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ချိန် အတိုင်းပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် အရည် အသွေး ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း  ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပါသည်။

          ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ ၄ ခုတို့၏ မန်နေဂျင်းဒါရိုက်တာများမှ လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်များအပြန်အလှန် လဲလှယ်ကြပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (National Electrification  Plan – NEP) ၏ စီမံချက် ကနဦးအနေဖြင့်  ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ကိုရယူကာ NEP ပထမအဆင့်ကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် မဟာဓာတ်အားလိုင်းမှ ၂ မိုင်အတွင်းရှိ ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည် ဖြစ်ပါ သည်။ ပထမအဆင့်ပါ ကျေးရွာများအတွက် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် တည်ဆောက်ရေးတင်ဒါ ၁၂ ခု ကိုခေါ်ဆိုခဲ့ရာ ယခုစာချုပ်ချုပ်ဆိုခြင်းသည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာခရိုင်အတွင်းရှိ ကျေးရွာ ၄၈၂ ရွာကို ဓာတ်အားရရှိနိုင်ရေးအတွက် ပထမဦးဆုံး ချုပ်ဆိုသည့်စာချုပ်ဖြစ်ပြီး ၎င်းစီမံကိန်းပြီးစီး သွားပါက မီးလင်းနိုင်မည့် အိမ်ထောင်စုအရေအတွက်မှာ ၅၂၂၄၇ စုဖြစ်ကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စီမံကိန်းလုပ်ငန်းများပြီးစီးမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ကျန်တင်ဒါ များအားလုံးကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးစေရန် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

         

         

 

Post under by : ဝန်ကြီးရုံး
21-Dec-2018