The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင် (ပုလဲနှင့် ထောက်ကြန့်) တို့၏ ဓာတ်ငွေ့ဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် မှော်ဘီမြို့နယ်ရှိ အမှတ် (၄) ဓာတ်မြေဩဇာ စက်ရုံ(မြောင်းတကာ) များသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှု စစ်ဆေး

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၃၀ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ်(၀၀၈) ၏ မော်တော်ယာဉ်များသို့  CNG ဖြန့်ဖြူးရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။       

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဖွဲ့သည် ထောက်ကြန့်မြို့ရှိ မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့အရောင်းဆိုင်အမှတ် (၀၄၂) ၏ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရောင်းချနေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အထွေထွေမန်နေဂျာ (CNG) နှင့် တာဝန်ရှိသူများမှ မော်တော်ယာဉ်များသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ ဖြည့်စွက်တင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊  မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ပြဌာန်းထားသော Standard Operating Procedure (SOP) များအတိုင်း လိုက်နာဆောင်ရွက်သွားရေး မှာကြားခဲ့ပြီး အရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          CNG သဘာဝဓာတ်ငွေ့အား ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၄၁ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် အရောင်းဆိုင် ၂ ဆိုင်နှင့် မကွေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃ ဆိုင်၊ စုစုပေါင်း ၄၆ ဆိုင် ဖွင့်လှစ်လျက်ရှိပြီး     သဘာဝဓာတ်ငွေ့သုံး (Natural Gas Vehicle-NGV) ယာဉ် ၂၈၂၉၉ စီး တို့အား နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ (၂၃) သန်းခန့် အသုံးပြု၍ 1 kg (45 cuft) လျှင် ၂၇၃.၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်စုစုပေါင်း kg 510000 ကျော်ခန့်အား ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိပါသည်။ လက်ရှိဖြန့်ဖြူးရောင်းချနေသည့် CNG ဈေးနှုန်း သည် ၁ ဂါလံလျှင် (၁၀၀၀) ကျပ်နှုန်းဖြစ်ရာ ဒီဇယ်၊ ဓာတ်ဆီတို့၏ ဈေးနှုန်းထက် (၃) ဆခန့် လျော့နည်းသက်သာသဖြင့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍများတွင် သက်သာစွာဖြင့် အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။ ယခုအခါ CNG အရာင်းဆိုင်များတွင် ဖြည့်တင်းချိန် ပိုမိုမြန်ဆန်ရေးအတွက် ခေတ်မီဖိအားမြှင့်စက်များဖြင့် အစားထိုးတပ်ဆင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) သို့ ရောက်ရှိပြီး စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးမှ ယူရီးယားဓာတ်မြေဩဇာထုတ်လုပ်မှုအခြေအနေနှင့်  ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၏ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မားရေး၊ ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ အလေအလွင့်နည်းပါးရေး၊ ပြည်တွင်းဓာတ်မြေသြဇာလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းနိုင်ရေးနှင့် စီးပွားရေး အရ တွက်ခြေကိုက်ပြီး အောင်မြင်သည့် စက်ရုံတစ်ရုံဖြစ်ရေး၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး အတွက် စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် စက်ရုံရေရှည် တည်တံ့ခိုင်မြဲရေးကို အားလုံးဝိုင်း၀န်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး စက်ရုံအတွင်းရှိ Central Control Room တွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံထိန်းချုပ်လည်ပတ်နေမှု၊  ယူရီးယားဖြန့်ဖြူးရေးဌာနတွင် ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။   

          အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ) သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် တည်ရှိပြီး စက်ရုံပိုင်မြေဧရိယာစုစုပေါင်း အကျယ် အဝန်းမှာ ၂၁၈.၉ ဧက ဖြစ်ကာ ၅-၁၂-၂၀၁၀ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ပါသည်။ အဖျောက်နှင့် ညောင်တုန်းသဘာဝ ဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍  ယူရီးယား ဓာတ်မြေသြဇာ တစ်နေ့ တန် (၃၈၀ မှ ၄၀၀) တန်ခန့် ထုတ်လုပ်၍  တင်ဒါစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချလျက်ရှိပါသည်။ ယခုအခါ အဆိုပါ စက်ရုံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော ယူရီးယားဓာတ်မြေသြဇာများကို ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် အင်းစိန်မြို့နယ်ရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ( ၂ ) အား ကြည့်ရှုစစ်ဆေးပြီး  စက်သုံးဆီများ အရည်အသွေးမှန်ကန်ရေး၊ အချိန်အတွယ်ပြည့်ဝရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ရေး၊ ထုတ်ပြန်ထားသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ  လိုက်နာဆောင်ရွက်သွားရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
30-Dec-2018