၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၆ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် လာအိုနိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး H.E. Dr. Khammany Inthirath နှင့် လာအိုနိုင်ငံ၊ Luang Prabang မြို့ရှိ Luang Prabang View Hotel ၌ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့ပါသည်။
မြန်မာ-လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ အဆိုပါ နားလည်မှုဆိုင်ရာ စာချွန်လွှာအရ နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူ/ ရောင်းချရေး၊ နည်းပညာဖလှယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား အပြန်အလှန် ဆွေးနွေးလျက်ရှိပါသည်။ အဆိုပါ နှစ်နိုင်ငံဝန်ကြီးအဆင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲမတိုင်မီ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ ဉီးဆောင်ကျင်းပ သည့် မြန်မာ-လာအို နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီအစည်းအဝေးများအား ကျင်းပခဲ့ပါသည်။
နှစ်နိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နှစ်နိုင်ငံလျှပ်စစ်ကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ ဆွေးနွေးခဲ့သောအချက်များ၊ နယ်စပ် ဖြတ်ကျော်ဓာတ်အားလိုင်းသွယ်တန်း၍ ဓာတ်အားအပြန်အလှန် ရောင်း/ဝယ်ရေး၊ ရေအား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေး၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများ ထိခိုက်ပျက်စီးမှု လျှော့ချဆောင်ရွက်နိုင်ရေး၊ နည်းပညာဖလှယ်ရေးနှင့် နှစ်နိုင်ငံ ပညာရှင်များပူးပေါင်း၍ အကြိုလေ့လာခြင်းလုပ်ငန်းများဆောင်ရွက်ရေး၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဖလှယ်ရေးနှင့် တိုးမြှင့်ဆောင်ရွက်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
အဆိုပါခရီးစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီး H.E. Dr. Khammany Inthirath နှင့်အတူ လာအိုနိုင်ငံ Xayaburi ပြည်နယ်ရှိ Xayaburi ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။ အဆိုပါရေအားလျှပ်စစ်စီမံကိန်းသည် မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်လျက်ရှိပြီး၊ လျှပ်စစ် ဓာတ်အား ၁၂၈၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့်စီမံကိန်းဖြစ်ပါသည်။ Run-off river type၊ Low Head Turbine အမျိုးအစားတပ်ဆင်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး၊ Xayaburi Power Company မှ ၂၀၁၀ ခုနှစ်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် ဓာတ်အားစတင်ထုတ်လုပ်လည်ပတ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတများ ထိခိုက် ပျက်စီးမှုလျှော့ချဆောင်ရွက်နိုင်ရေး၊ စီမံကိန်းပတ်ဝန်းကျင်ရှိ ဒေသနေပြည်သူများအား စနစ်တကျပြန်လည်နေရာချထားရေး၊ ၎င်းတို့၏ လူမှုစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ကဏ္ဍဖွံ့ဖြိုးရေး၊ ရေသတ္တဝါထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် Mekong River Commission (MRC) ၏ Guidline များနှင့်အညီ တည်ဆောက်သဖြင့် မဲခေါင်မြစ်ဝှမ်းဒေသ၏ စံနမူနာပြ Landmark ရေအား လျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပါသည်။
ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ Luang Prabang မြို့မှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၉:၀၀ နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။