၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ၆၆/၁၁-၆.၆ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear(GIS) ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊ (၀၇:၃၀) နာရီအချိန်တွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန် တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူ များနှင့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ၊ ယခင်က တောင်ဥက္ကလာပမြို့နယ်ရှိ မီးသုံးစွဲသူ ပြည်သူများ (အိမ်ထောင်စု ၃၃၆၉၇) ကို စုစုပေါင်းတပ်ဆင်အင်အား ၅၀ အမ်ဗွီအေရှိ ဓာတ်အားခွဲရုံ ၂ ရုံဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနေရသည့်အတွက် ဗို့အားပြည့်ဝမှုမရှိခြင်း၊ နွေရာသီကာလများတွင် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများတွင် ဝန်အားပြည့်ကျော်လွန်မှု (Overload) များ ဖြစ်ပေါ် လျက်ရှိပြီး လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိခြင်း စသည့်အခြေအနေများကို ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ဗို့အားတည်ငြိမ်ပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး ၆.၆/၀.၄ ကေဗွီ ၁၀၀၀ ကေဗွီအေ ထရန်စဖော်မာနှင့့်် ဓာတ်အားဖြန့်ဖြူးပေးနေသော ယခုဓာတ်အားခွဲရုံနေရာတွင် တပ်ဆင်အင်အား စုစုပေါင်း ၄၀ အမ်ဗွီအေရှိသည့် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံကို အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်က ၁၆၀ ဗို့ဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဗို့အား ကျဆင်းမှုများရှိခဲ့၍ ယခုအခါ တပ်ဆင်အင်အား ၄၀ အမ်ဗွီအေကို တိုးချဲ့တည်ဆောက်ဖြန့်ဖြူးပေး နိုင်ခဲ့သည့်အပြင် တောင်ဥက္ကလာပမြို့နယ်ရှိ လက်ရှိမီးသုံးစွဲသူ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ ဗို့အား ပြည့်မီစွာဖြင့် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဓာတ်အားစနစ် ပိုမိုတောင့်တင်း ခိုင်မာစေရန် ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာဓာတ်အားလိုင်း(၆၀)မိုင်၊ ဝန်အားပြည့်လျက် ရှိသော လှိုင်သာယာ-မြောင်းတကာ ဓာတ်အားလိုင်း၏ ဝန်အားကို မျှတစေရန် ၂၃၀ ကေဗွီ ရွာမ-လှိုင်သာယာ-ဝါးတရာဓာတ်အားလိုင်း (၁၁)မိုင်၊ သာကေတဓာတ်အားပေးစက်ရုံ အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း၊ ၂၃၀ ကေဗွီ အလုံ-လှော်ကား-ရွာမနှင့် သာကေတခွဲရုံများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ ထက်ဝက်နီးပါးခန့်ကို ရန်ကုန်တိုင်းဒေသကြီးက သုံးစွဲလျက်ရှိရာ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းအချို့တို့တွင် ဝန်အားပြည့်ကျော်လွန်သုံးစွဲနေရ၍ ဝန်အားပြည့်နေသော ဓာတ်အား ခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ဝန်အားမျှခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အသစ်တည်ဆောက် ခြင်းလုပ်ငန်းများကို ရရှိသည့်ဘဏ္ဍာငွေအပြင် ချေးငွေများကို အသုံးပြုပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဓာတ်အားခွဲရုံကို ကျပ် ၅ ဘီလီယံခန့် အကုန်အကျခံကာ တည်ဆောက်ခဲ့ပြီး၊ ဓာတ်အားခွဲရုံသို့ ဓာတ်အားရောက်ရှိရန် ဆက်စပ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းအတွက် ကျပ် ၁.၉ ဘီလီယံခန့် အကုန်အကျခံပြီး တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် Residential& Commercial (၉၁၄) မဂ္ဂါဝပ်၊ Industrial (၁၈၂) မဂ္ဂါဝပ်၊ စုစုပေါင်း (၁၀၉၆) မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် Residential & Commercial (၁၂၇၈) မဂ္ဂါဝပ်၊ Industrial ( ၂၇၀) မဂ္ဂါဝပ်၊ စုစုပေါင်း (၁၅၄၈) မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း(၂၁)မြို့ သည် လျှပ်စစ်မီးရရှိသုံးစွဲနေပြီး ကျေးရွာပေါင်း (၂၀၈၇) ရွာရှိသည့်အနက် (၁၀၅၇) ရွာကို ဓာတ်အား စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကျေးရွာများအနက် ကျေးရွာပေါင်း (၁၆၆)ရွာ ဓာတ်အားရရှိရေးကို ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာငွေ၊World Bank ၊ ADB ၊ JICA စသည့် မိတ်ဖက်အဖွဲ့အစည်းများ၏ ချေးငွေများဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း (၁,၅၈၂,၉၄၄) စုရှိသည့်အနက် အိမ်ထောင်စုပေါင်း (၁,၁၈၈,၆၉၆) စု (၇၅%) ခန့်မှာ ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဓာတ်အားစနစ်မှ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ် ပိုမိုတည်ငြိမ်ကောင်းမွန်စေရန် ပင်မကျောရိုး ဓာတ်အားလိုင်း (Back Bone) အနေဖြင့် ၅၀၀ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း များကို ဦးစားပေးအဆင့်များခွဲပြီး တည်ဆောက်လျက်ရှိပါကြောင်း၊ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ပြီးစီးသွားပါက နိုင်ငံတော်ဓာတ်အားစနစ် ပိုမိုတည်ငြိမ် လာမည်ဖြစ်သည့်အပြင် ဓာတ်အားပိုမိုပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများအားလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲ နိုင်ပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေး၊ စိုက်ပျိုးရေးအခြေခံ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများ တိုးတက် ရရှိရေးတို့အတွက် အထူးအလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ (၅၅%) ခန့်အား နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ၆၆/၁၁-၆.၆ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံဖွင့်ပွဲ အထိမ်းအမှတ်ဖဲကြိုးအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စောနိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။
၄င်းနောက် ၆၆/၁၁-၆.၆ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ(GIS) ဓာတ်အားခွဲရုံ၏ ကမ္ဗည်း ကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့်ရှိ ၆၆/၁၁ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear (GIS) Hospital Complex ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို (၁၀:၀၀) နာရီအချိန်တွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ဆက်လက် ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒေါက်တာထွန်းနိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီးသည် စီးပွားရေးအရ အချက်အချာကျပြီး လူနေထိုင်မှု သိပ်သည်းထူထပ်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် မြန်မာနိုင်ငံအရပ်ဒေသ အသီးသီးမှ ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ ကျန်းမာရေးကဏ္ဍဝန်ဆောင်မှုကို ဆောင်ရွက် ပေးနေသည့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးအပါအဝင် ဆက်စပ်ဆေးရုံကြီးများ အဆင့် မြှင့်တင်တိုးချဲ့မည့်စီမံကိန်းများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ကျန်းမာရေးဝန်ကြီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၎င်းစီမံကိန်းများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်များအတွင်းရှိသည့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီးအပါအဝင် ဆက်စပ်အခြားဆေးရုံများ၊ သူနာပြုတက္ကသိုလ်နှင့် လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်များအတွင်းရှိ မီးသုံးစွဲသူပြည်သူများကို ယခင်က တပ်ဆင်အင်အား ၁၁.၅ အမ်ဗွီအေရှိသော ၃၃ ကေဗွီ ကုတင် ၂၂၀ ဓာတ်အားခွဲရုံမှလည်းကောင်း၊ တပ်ဆင်အင်အား ၆၀ အမ်ဗွီအေရှိသော ၆၆ ကေဗွီ မော်တင်ဓာတ်အားခွဲရုံတို့မှလည်းကောင်း ဓာတ်အားရယူ၍ ၆.၆ ကေဗွီ ဗို့အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မည့်စီမံကိန်းတွင် ဆေးရုံအသစ်ကြီးများအတွက် အဆောက် အအုံများ တိုးချဲ့ဆောက်လုပ်မှုလုပ်ငန်းများအပါအဝင် ခေတ်မီနည်းပညာသုံး ရောဂါရှာဖွေကုသမည့် စက်ပစ္စည်းကိရိယာများ တိုးချဲ့တပ်ဆင်ခြင်းတို့အတွက် အရည်အသွေးပြည့်ဝ၍ ဗို့အားတည်ငြိမ်သော လျှပ်စစ်ဓာတ်အားကိုရရှိမှသာ ကုသမှုလုပ်ငန်းသုံးစက်ကိရိယာများမှ တိကျမှန်ကန်သည့်ရလဒ်များ ရရှိ၍ ရောဂါများကို ပျောက်ကင်းအောင် ထိရောက် အကျိုးရှိစွာဖြင့် ကုသမှုပေးနိုင်မည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရန် Load Center ကျသောနေရာတွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းကို တိုးချဲ့တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆေးရုံကြီးများအုပ်စုစီမံကိန်းအတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၆၆/၁၁ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံ (၁)ရုံနှင့် ဆက်စပ်လုပ်ငန်းများအတွက် စုစုပေါင်းငွေကျပ် ၁၃.၆၃၁ ဘီလီယံခန့်အကုန်အကျခံကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ လမ်းမတော်နှင့် လသာမြို့နယ်တို့မှ မီးသုံးစွဲသူပြည်သူများကို ယခင်က ၆.၆ ကေဗွီ ဗို့အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးခဲ့ရာ ဗို့အားကျဆင်းမှုများရှိခဲ့၍ ယခုအခါ ၁၁ ကေဗွီ ဗို့အားစနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲ ဓာတ်အားပေးခဲ့သည့်အတွက် ဗို့အားတည်ငြိမ်စွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါကြောင်း၊ ထို့အပြင် ယခုဓာတ်အားခွဲရုံကို အဆင့်မြင့်နည်းပညာ Gas Insulated Switchgear (GIS) များ အသုံးပြုတပ်ဆင် တည်ဆောက်ထားသည့်အတွက် ဗို့အားတည်ငြိမ်စွာဖြင့် ဖြန့်ဖြူးပေးနိုင်ခြင်း၊ ဓာတ်အားခွဲရုံသည် Double Bus ဖြစ်သဖြင့် ဓာတ်အားလိုင်း ၁ လိုင်း အပြစ်ဖြစ်ပွားပါက အလွယ်တကူ Switching ပြုလုပ်၍ အချိန်တိုအတွင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်သည့်အတွက် ရောဂါရှာဖွေ ကုသရေးလုပ်ငန်းများတွင် ထိရောက်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံမှတဆင့် လမ်းမတော်မြို့နယ်အတွင်းရှိ ဗဟိုအမျိုးသမီးဆေးရုံ၊ သူနာပြုတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁) (ရန်ကုန်) နှင့် ဒဂုံမြို့နယ်အတွင်းရှိ ကလေးဆေးရုံများသို့ ဓာတ်အားဖြန့်ဖြူးနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်း ဒေသကြီး/ပြည်နယ်အသီးသီးမှ ပြည်သူလူထုအတွက် ကျန်းမာရေးကဏ္ဍဝန်ဆောင်မှု ဆောင်ရွက်ပေး နေသည့်ဆေးရုံ(၇၁၈) ရုံအတွက် လျှပ်စစ်ဓာတ်အား စုစုပေါင်း (၂၇၇) အမ်ဗွီအေ (၂၈၀) မဂ္ဂါဝပ် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထု၏ ရောဂါကင်းရှင်း သက်ရှည် ကျန်းမာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်သဖြင့် ပြည်သူလူထုအတွက် ကျန်းမာရေးကဏ္ဍဝန်ဆောင်မှုလုပ်ငန်းများတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခွင့်ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဓာတ်အားခွဲရုံ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး လမ်းမတော် မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
ထို့နောက် ၆၆/၁၁ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံဖွင့်ပွဲ အထိမ်းအမှတ်ဖဲကြိုးအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာနှင့် လမ်းမတော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။
၄င်းနောက် ၆၆/၁၁ ကေဗွီ၊ ၂ x ၂၀ အမ်ဗွီအေ(GIS) ဓာတ်အားခွဲရုံ၏ ကမ္ဗည်းကျောက်စာ အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။