၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာ၊ ကျွဲမင်းကုန်းအောင်မြေသုခစေတီတော် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း (၈၆၄၀ ပေ) ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း (၃၉၂၀ ပေ) နှင့် ၁၁-၆.၆/ ၀.၄ ကေဗွီ၊၁၆၀ ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့အား တည်ဆောက်ပြီးစီးပြီဖြစ်ပါ သဖြင့် လျှပ်စစ်မီးရရှိခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျွဲမင်းကုန်းစေတီတော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေး ဆောင်ရွက် နေသည့် အခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာ၊ ကျွဲမင်းကုန်းစေတီတော် ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး၊ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် သတိပြုစေလိုပါကြောင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ရန်ကုန်တောင်ပိုင်း ခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ကျေးရွာပေါင်း (၁၃၇)ရွာရှိသည့်အနက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အထိ မီးလင်းပြီး ကျေးရွာ ပေါင်း (၆၂)ရွာရှိခဲ့ပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့်ဖြင့် မီးလင်းနိုင်မည့် ကျေးရွာ(၃)ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မီးလင်းရန် ကျေးရွာ(၁၀)ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မီးလင်းရန်ကျေးရွာ(၃၀)ရွာ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မီးလင်းရန်ကျေးရွာ (၃၂)ရွာဖြစ်၍ ကော့မှူးမြို့နယ် အတွင်း ကျေးရွာများအားလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ဦးအေးသိန်း၊ ကော့မှူး မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း နှင့် စေတီတော်ေဂါပက ဥက္ကဌ ဦးတင်အောင် တို့မှ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောကြားကြပါသည်။
ထို့နောက် ကျွဲမင်းကုန်း အောင်မြေသုခစေတီတော် လျှပ်စစ်မီး ရရှိခြင်းအခမ်းအနား အထိမ်း အမှတ် ဖဲကြိုးအား ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များနှင့်အတူ ကျွဲမင်းကုန်း အောင်မြေသုခစေတီတော် တွင် လျှပ်စစ်မီးများ သွယ်တန်းထားမှု အခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။