၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၃ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ ကိုယ်စားလှယ် များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လျှပ်စစ် ကဏ္ဍနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း ဥက္ကဋ္ဌ၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ စက်မှုဇုန်(၃၇)ခုမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကား ပြောကြားရာတွင် ယနေ့ အစည်းအဝေးကျင်းပရခြင်းသည် တိုင်းပြည်အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာစေရေးတို့အတွက်နိုင်ငံတော်မှအစဉ်တစိုက် အားပေးလျက်ရှိသဖြင့် စက်မှုဇုန်မှတာဝန်ရှိသူများ သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့ များနှင့် ယနေ့စုစုစည်းစည်းဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတွင် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ စက်မှုဇုန်များ၏ဆုံးရှုံးမှုသည် မိမိတို့၏ ဆုံးရှုံးမှုဟု ယူဆထားပါသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှုလုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး အတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်အား တိုးတက်သုံးစွဲမှုမှာ (၁၅ %) မှ (၁၉ %) အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ် အလိုက် ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ( ၃၉၄ ) မဂ္ဂါဝပ်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် (၄၅၀)မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင်(၁,၇၁၂)မဂ္ဂါဝပ်၊ စုစုပေါင်း (၂,၅၅၆) မဂ္ဂါဝပ်ကို ထပ်မံထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊ အဆိုပါ ဓာတ်အားထုတ်လုပ်မှုများမှာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများနှင့် မကြာမီတည်ဆောက် ပြီးစီးမည့် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအပြင် LNG ဓာတ်ငွေ့သုံး စက်ရုံများကို တည်ဆောက်၍ ဓာတ်အားတိုးတက်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ၎င်းအပြင် ဓာတ်အားစနစ်တည်ငြိမ်ကောင်းမွန်စေရေးနှင့် ဓာတ်အား များပိုမိုဖြန့်ဖြူးနိုင်ရေးတို့အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်းများ ( Northern Grid, Southern Grid, Eastern Grid, Western Grid) စသည့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ပင်မကျောရိုးဖြစ်သည့် မဟာဓာတ်အားလိုင်းကြီးများကိုလည်း စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံ များ၏ ဓာတ်အားထုတ်လုပ်မှု အနေဖြင့် ယနေ့အချိန်တွင် (၃၅၈၆) မဂ္ဂါဝပ်ခန့် ထုတ်လုပ် ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ (၁၅၄၈.၂၃) မဂ္ဂါဝပ်ခန့်ရှိ၍ တစ်နိုင်ငံလုံး၏ထက်ဝက်နီးပါး သုံးစွဲလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန်/စက်မှုလက်မှုလုပ်ငန်းများတွင် ယခုလက်ရှိသုံးစွဲနေသော ဝန်အား မှာ ၄၆၅.၇၄၀ မဂ္ဂါဝပ်သုံးစွဲလျက်ရှိပြီး နောက်ထပ်လိုအပ် လာမည့်ဓာတ်အားလိုအပ်ချက် များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စက်မှုဇုန်များ၏ ဓာတ်အားလိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် Infrastructure များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အများပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေး အတွက်သာမက စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ လျှပ်စစ်ဓာတ်အား ကို အလုံအလောက်ဖြန့်ဖြူးပေးနိုင်မှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍသည် များစွာ တိုးတက်လာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုရန်ပုံငွေကို အများဆုံးသုံးစွဲခွင့်ပြုခဲ့ပါကြောင်း၊ သို့ရာတွင် ရရှိသည့်ရန်ပုံငွေအလိုက် တိုးတက်သုံးစွဲ လာသည့် ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေရသည့်အတွက် အပိုင်းအလိုက် ဦးစားပေးအဆင့်ဆင့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောကြားစေလိုကြောင်း၊ မိမိတို့ ဆောင်ရွက်နေမှုသည်ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ်တွေ့ဆုံကြခြင်းဖြင့် ရလာဒ်များ ရရှိလာမည်ဖြစ်ပါကြောင်း နောင်တွင်လည်း ဆက်လက်တွေ့ဆုံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လာမည့် နွေရာသီတွင် ရန်ကုန်၏သုံးစွဲမှုသည် အမြင့်ဆုံးသို့ ရောက်မည်ဖြစ်သဖြင့် မိမိတို့၏ ဖြန့်ဝေပေးမှုသည် အနည်းငယ် လိုအပ်နေမည်ဖြစ်၍ လိုအပ်နေသော ထုတ်လုပ်မှုအပိုင်းကို ဖြည့်ဆည်းမှု အနေဖြင့်စက်မှုလုပ်ငန်းရှင်များမှမီးသုံးစွဲမှုများသောညဦးပိုင်းအချိန်များတွင်အသုံးမပြုဘဲ ညပိုင်းအချိန်များတွင် အသုံးပြုသွားခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့်မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှတာဝန်ရှိသူများနှင့် စက်မှုဇုန်များရှိ တာဝန်ရှိသူများမှ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များနှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်မှ စက်မှုဇုန် များ၏ တင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အစီအမံများကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။