၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် တာဝန်ရှိသူ များလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဖူးကြီးပိုက်လိုင်း အခြေစိုက်စခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ သဘာဝဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပိုက်လိုင်းများ ကြံ့ခိုင် ကောင်းမွန်ရေးသည် အထူးအရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပိုက်လိုင်းအား ပုံမှန်စစ်ဆေးခြင်းများကို မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ချို့ယွင်းချက် များ၊ အားနည်းချက်များဖြစ်ပေါ်လာပါက အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများ ဘေးအန္တရာယ်တစ်စုံတစ်ရာ မကျရောက်စေရေး ကြိုတင်ကာကွယ်ရေး အစီအမံများကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ချို့ယွင်းမှုများဖြစ်ပေါ်လာပါက အမြန်ဆုံးပြုပြင်နိုင်ရေး လူနှင့် ပစ္စည်း များ အမြဲအဆင်သင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ပိုက်လိုင်းပတ်ဝန်းကျင်နေ ဒေသခံ ပြည်သူလူထုအား ပိုက်လိုင်းနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဟောပြောရန်နှင့် သတိပေးချက်များအား ထင်သာမြင်သာ နေရာများတွင် ချိတ်ဆွဲပြသထားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာအနီးတွင် တည်ရှိပြီး ယခင်က မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေများမှ ထွက်ရှိသော ရေနံစိမ်းများကို သန်လျင်ရေနံချက်စက်ရုံသို့ ပိုက်လိုင်းဖြင့် ပို့လွှတ်ရာတွင် ကြားစခန်းအဖြစ် ဆောင်ရွက်ခြင်းနှင့် ပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အောက်မြန်မာပြည် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အဓိကဆောင်ရွက်သော အခြေစိုက်စခန်းဖြစ်ပါသည်။
အဆိုပါအခြေစိုက်စခန်း၏ ကြီးကြပ်မှုအောက်တွင် ရွှေပြည်သာစခန်း(ရန်ကုန်)၊ ဒေဒရဲစခန်း၊ သနပ္ပင်စခန်း၊ မော်လမြိုင်စခန်း၊ သံဖြူဇရပ်စခန်းနှင့် ရေးစခန်းများရှိပြီး ၂၀ လက္မ ကံပေါက်-မြိုင်ကလေး-ရန်ကုန်ပိုက်လိုင်း(၃၃၁)မိုင်နှင့် ၂၄ လက္မ ဒေါ်ငြိမ်း-ရွာမ ပိုက်လိုင်း(၈၆)မိုင် အပါအဝင် စုစုပေါင်း(၉၈၁)မိုင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ပြည်ရေနံမြေသို့ရောက်ရှိရာ အထွေထွေမန်နေဂျာမှ ရေနံမြေဆိုင်ရာ အချက် အလက်များအား ရှင်းလင်းတင်ပြပြီး ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေနံ အထွက်နှုန်းတိုးတက်လာစေရေးအတွက် ခေတ်မီနည်းပညာများအသုံးပြု၍ ဆောင်ရွက် ကြရန်နှင့်် မြေအောက်ဘူမိအနေအထားများအား တိကျစွာခန့်မှန်းနိုင်ရေးအတွက် ပိုမို ကောင်းမွန်သောဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းများအား ဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် ရေနံအထွက်တိုးစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။
ပြည်ရေနံမြေသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း တည်ရှိပြီး ၁၉၆၅ ခုနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခဲ့ရာ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လတွင် တစ်နေ့အများဆုံး ၂၅၆၃ စည်နှင့် ၁၉၉၈ ခုနှစ်၊ ဇွန်လတွင် သဘာဝဓာတ်ငွေ့ ၂၅.၆၁၈ ကုဗပေသန်းအထိ ထုတ်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှု သက်တမ်းကြာမြင့်ပြီ ဖြစ်သောကြောင့် ယခုအခါ ရေနံတွင်းပေါင်း (၁၃) တွင်းမှ ရေနံစိမ်းစည် ၆၅ စည်နှင့် သဘာဝဓာတ်ငွေ့ ၀.၀၇၈ ကုဗပေသန်းပေါင်း ထုတ်လုပ်ပေးလျက်ရှိပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အထွက်တိုးရေးအတွက် လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲ၍ ကြိုးစား ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်ရှိ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းသို့ ရောက်ရှိရာ စခန်း တာဝန်ခံမှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ သဘာဝဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူး ပေးနိုင်ရေး ပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးသည် အထူးအရေးကြီးကြောင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် Standard Operation Procedure (SOP) များအတိုင်းအလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ပိုက်လိုင်း အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်း သရုပ်ပြလေ့ကျင်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ထမ္မကောက်ကျေးရွာအနီးတွင်တည်ရှိပြီး ယခင်က မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေများမှ ထွက်ရှိသော ရေနံစိမ်းများကို သန်လျင်ရေနံချက်စက်ရုံသို့ ပိုက်လိုင်းဖြင့် ပို့လွှတ်ရာတွင် ကြားစခန်းအဖြစ် ထပ်မံမောင်းနှင်ခြင်းနှင့် ပိုက်လိုင်းများ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အထက်မြန်မာပြည် ပိုက်လိုင်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို အဓိက အခြေစိုက်စခန်းအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါတီတွတ်စခန်းမှ ပိုက်လိုင်းမိုင် (၁၁၃၀) မိုင်အား ထိန်းသိမ်းပြုပြင်လျက်ရှိပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တည်ဆောက်ပြီးစီးခဲ့သည့် ကုန်းတွင်းပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း(Network) စုစုပေါင်းအရှည်မှာ (၂၃၇၁) မိုင်ဖြစ်ပါသည်။