၂၀၁၉ ခုနှစ်၊ မတ်လ ( ၁၆ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နှစ်အလိုက်တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံသံမဏိစက်ရုံအနီးတွင် စင်္ကာပူသမ္မတနိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်သည့် Sembcorp Power Myanmar Co.,ltd မှ အကောင်ထည်ဖော်တည်ဆောက်ခဲ့သည့် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စင်္ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု၊ ပညာရေးဝန်ကြီး Mr. Chee Hong Tat ၊ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံသံအမတ်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ Group President and CEO from Sembcorp Industries Ltd၊ Sembcorp Power Myanmar Co.,ltd မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ ပြည်သူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် ၂၂၅ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် International Competitive Bidder (ICB) စနစ်ဖြင့် တင်ဒါခေါ်ဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တင်ဒါစာရွက်စာတမ်းများ ပြင်ဆင်ခြင်း၊ တင်ဒါ လက်ခံဖွင့်ဖောက် စစ်ဆေးခြင်း၊ ဓာတ်အားဝယ်ယူရေးစာချုပ် ဆွေးနွေးခြင်းများကို International Finance Corporation (IFC) အကူအညီဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်သော စင်္ကာပူသမ္မတနိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်သည့် Sembcorp ကုမ္ပဏီနှင့် ၂၀၁၆ ခုနှစ် မတ်လတွင် (IPP) စနစ်ဖြင့် ဓာတ်အားဝယ်ယူရေးစာချုပ်ကို လက်မှတ်ရေးထိုး၍ ၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် စီးပွားဖြစ် စတင်ဓာတ်အားထုတ်လုပ်ခဲ့ပါကြောင်း၊ ယခုစက်ရုံမှ ထွက်ရှိသည့် ဓာတ်အား ၂၂၅ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ မြင်းခြံ-သပြေဝဓာတ်အားလိုင်းနှင့်ချိတ်ဆက်ပြီး ဓာတ်အားစနစ်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားသည့်အတွက် တစ်နိုင်ငံလုံးရှိ ပြည်သူများသို့ ဖြန့်ဖြူးပေးထားသည့်စက်ရုံများထဲမှတစ်ရုံဖြစ်ပါကြောင်း၊ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင် တည်ငြိမ်စိတ်ချ၍ အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ပြည်သူများသို့ တည်ငြိမ် စိတ်ချ၍ အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် ယခင်ထက် ဓာတ်အားပြတ်တောက်မှုလျော့နည်းလာခြင်း၊ ဗို့အားတည်ငြိမ်စွာဖြင့် အသုံးပြုလာနိုင်ခြင်း၊ ဗို့အားပိုမိုကောင်းမွန်လာခြင်း စသည့် အကျိုး ကျေးဇူးများအား ပြည်သူများ ခံစားလာရပြီဖြစ်ပါကြောင်း၊ ယခင်က တစ်နှစ်အတွင်း တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်ခြင်း (System Breakdown) အကြိမ်ရေများစွာဖြစ်ခဲ့ သော်လည်း ယခုအခါ System Breakdown အရေအတွက်ကို သိသိသာသာလျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မကြာမီတွင် System Breakdown လုံးဝမဖြစ်ပေါ်အောင် စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဓာတ်အားစနစ်တွင် အရံဓာတ်အားပေးစက်များ လည်းရှိရမည်ဖြစ်ပြီး သို့မှသာ အရေးပေါ်အခြေအနေများတွင် တည်ငြိမ်စိတ်ချ၍ အရည်အသွေး ကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားကို ဆက်လက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အမြင့်ဆုံးဓာတ်အားလိုအပ်ချက်ထက် ပိုမိုသည့် ဓာတ်အားထုတ်နိုင်စွမ်းရှိရမည်ဖြစ်ပြီး အရေးပေါ်အခြေအနေများတွင်လည်း တည်ငြိမ်စိတ်ချ၍ အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရန် အရံဓာတ်အားပေးစက်များလည်းရှိရမည်ဖြစ်ပါ ကြောင်း၊ ထို့အတွက် နောက် ၃ နှစ်အတွင်း နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်ခန့် ပိုမိုထုတ်လုပ်ပေး နိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ဓာတ်အားလိုအပ်ချက် သည် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိရာ လက်ရှိအခြေအနေတွင် တစ်နှစ်လျှင် မဂ္ဂါဝပ် ၃၀၀ မှ ၅၀၀ ကြား တိုးတက်လိုအပ်လျက်ရှိသည်ကိုတွေ့ရှိရသည့်အတွက် အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ရေတို၊ ရေရှည်အစီအမံများချမှတ်ကာ ကြိုတင်စီမံ ဆောင်ရွက်မှသာ နိုင်ငံတော်၏ဓာတ်အားလိုအပ်ချက်ကို နှစ်စဉ် အချိန်မီပြည့်ဝစွာ ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ဓာတ်အားထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် (၃၈၀၀) ခန့်သာရှိသော်လည်း နောက် (၃) နှစ်ခန့်တွင် နောက်ထပ်မဂ္ဂါဝပ် (၃၀၀၀) ခန့် တိုးမြှင့်ထုတ်လုပ် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက် (၃) နှစ်အတွင်း လိုအပ်လာမည့်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရေတိုအစီအမံအနေဖြင့် လျင်မြန်စွာတည်ဆောက်၍ ဓာတ်အားထုတ်လုပ်မောင်းနှင်နိုင်သော သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်၍ ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် သဘာဝဓာတ်ငွေ့ရရှိမှုသည် အကန့်အသတ်ရှိသည့်အတွက် အခြားလောင်စာများကို အသုံးပြု၍ ဓာတ်အားထုတ်နိုင် ရန်လည်း စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့် တစ်ပတ်လျှင် ၂၄ နာရီနှင့် (၇) ရက်အသုံးပြုနိုင်ပြီး စျေးမကြီးသည့်ဓာတ်အားရရှိနိုင်ရေးအတွက် (Reliable and Affordable Power) အရင်းအမြစ်မျိုးစုံပါဝင်သည့် ဓာတ်အားထုတ်လုပ်ခြင်း (Proper Generation Mix) ဖြစ်ရန်အဓိကကျပါကြောင်း၊ လျှပ်စစ်ဓာတ်အားကို ပြည်သူများ၏ အိမ်တိုင်ရာရောက် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံသစ်များတည်ဆောက်၍ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ရုံမျှဖြင့် မလုံလောက်ဘဲ Transmission ဟုခေါ်သည့် ဓာတ်အားပေး စက်ရုံများမှဓာတ်အားကို ပင်မဓာတ်အားခွဲရုံများသို့ ပို့လွှတ်ပေးခြင်းနှင့် Distribution ဟု ခေါ်သည့် ဓာတ်အားခွဲရုံများမှတစ်ဆင့် ပြည်သူများ၏ အိမ်တိုင်ရာရောက် ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းများကိုလည်း တိုးချဲ့တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် Northern ၊ Southern ၊ Eastern နှင့် Western Grid များတည်ဆောက်ကာ မြန်မာ တစ်နိုင်ငံလုံးနေရာအနှံ့ ဓာတ်အားကွန်ရက်ဖြန့်ကျက်ပြီး ဓာတ်အားစနစ်မှ ပြည်သူများ၏ အိမ်တိုင်ရာရောက် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ Transmission Line များတွင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း သည် အကြီးဆုံးဖြစ်ပါကြောင်း၊ ၂၃၀ ကေဗွီဓာတ်အားလိုင်းတစ်လိုင်းသည် အမြင့်ဆုံးဓာတ်အား ပမာဏ ၃၀၀ မဂ္ဂါဝပ်ခန့်သာ သယ်ယူပို့ဆောင်နိုင်ပါကြောင်း၊ နောင်တွင် တည်ဆောက်ပြီးစီး မည့်ဓာတ်အားပေးစက်ရုံများသည် မဂ္ဂါဝပ် ၁၀၀၀ ကျော်ခန့်ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သော ကြောင့် ၅၀၀ ကေဗွီ မဟာဓာတ်အားလိုင်းကြီးများဖြင့် သယ်ယူပို့ဆောင်ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ၅၀၀ ကေဗွီ မိတ္ထီလာ-တောင်ငူ-ဘုရားကြီး-ရန်ကုန် ဓာတ်အားလိုင်းကြီးကို တည်ဆောက်လျက်ရှိပါကြောင်း၊ ၅၀၀ ကေဗွီ ဓာတ်အားလိုင်များသည် Northern, Southern, Eastern and Western Grid များ တစ်ခုနှင့်တစ်ခုချိတ်ဆက်ရာတွင် အဓိကကျသော ကျောရိုး Backbones ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဓာတ်အားကွန်ရက်များချိတ်ဆက်၍ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှသာ ဓာတ်အားလိုင်းတစ်လိုင်းတွင် အပြစ်ဖြစ်ပေါ်၍သော်လည်းကောင်း၊ ပြင်ထိန်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်တွင်လည်းကောင်း ဓာတ်အားသယ်ဆောင်နိုင်ခြင်း မရှိပါက ကွန်ရက်ချိတ်ဆက်ထားသော ကျန်ဓာတ်အားလိုင်းများမှ ဓာတ်အားစီးဆင်းစေပြီး ပြည်သူများသို့ ဓာတ်အားပြတ်တောက်မှုမရှိဘဲ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့်ဆည်း ပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ပေါင်း (၁၀.၈၇၇) သန်းရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၇၀၉ သန်း (၄၃%) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး (၆.၁၆၈) သန်း (၅၇%) ခန့်သည် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေသေးပါကြောင်း၊ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပချေးငွေများရယူခြင်းအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေများသုံးစွဲပြီး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ (၅၀%) ကျော်ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိ တော့မည်ဖြစ်သည့််အတွက် မိမိတို့ဝန်ကြီးဌာန၏ လွန်စွာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ကောင်းသည့် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ အကျဆုံးသည် လျှပ်စစ်ဓာတ်အားဖြစ်သည်နှင့်အညီ ၂၀၂၁ ခုနှစ်တွင် ၅၅% ၊ ၂၀၂၆ ခုနှစ်တွင် ၇၅% အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် စင်္ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု၊ ပညာရေး ဝန်ကြီး Mr. Chee Hong Tat ၊ မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မြန်မာ နိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံသံအမတ်ကြီးနှင့် Sembcorp Industries Ltd မှ အမှုဆောင် အရာရှိချုပ် Mr. Neil McGregor တို့မှ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားနှင့်ပတ်သက်၍ အမှာစကားများပြောကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်ခဲ့မှု ဗွီဒီယိုရုပ်သံမှတ်တမ်းအားပြသခဲ့ကာ မြင်းခြံမြို့နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၎င်းနောက် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်း ဒေသကြီး စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မြင်းခြံမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့် ဦးစစ်အေး၊ SMPC မှ မန်နေးဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စင်္ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု၊ ပညာရေး ဝန်ကြီး Mr. Chee Hong Tat ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့် Sembcorp Industries Ltd မှ အမှုဆောင်အရာရှိချုပ် Mr. Neil McGregor တို့မှ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။