The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ ကေဗွီ၊ ငရုတ်ကောင်း- ငရုတ်ကောင်း (တောင်) ဓာတ်အားလိုင်း (၁၅.၃၂) မိုင်နှင့် ၆၆/၃၃/၁၁ ကေဗွီ၊ (၁၀)အမ်ဗွီအေ ငရုတ်ကောင်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ မတ်လ (  ၂၃ ) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန မှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ၊ ငရုတ်ကောင်း- ငရုတ်ကောင်း (တောင်) ဓာတ်အားလိုင်း (၁၅.၃၂) မိုင်နှင့် ၆၆/၃၃/၁၁ ကေဗွီ၊ (၁၀) အမ်ဗွီအေ ငရုတ်ကောင်း ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

               အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိမှုနှင့် ပတ်သက်နေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခင်က ပုသိမ်၊ အသုတ်၊ ရေကြည်၊ မြောင်းမြ၊ လပွတ္တာမြို့နယ်များသို့ နိုင်ငံတော် ဓာတ်အားစနစ်ရောက်ရှိနေသည့် ၂၃၀ ကေဗွီ အသုတ်ဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ဗို့အားစနစ်ဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး ပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ အသုတ်-ပုသိမ်ဓာတ်အားလိုင်း (၃၁) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ပုသိမ်ဓာတ်အားခွဲရုံကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ ၆၆ ကေဗွီ ပုသိမ်-ငရုတ်ကောင်း(တောင်)-ငပြေမဓာတ်အားလိုင်း (၈၂) မိုင်၊ ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ငရုတ်ကောင်း(တောင်) ဓာတ်အားခွဲရုံနှင့် ၆၆/၃၃ ကေဗွီ (၂၀) အမ်ဗွီအေ၊ ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ငပြေမဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း တည်ဆောက်ပြီးစီး၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ငရုတ်ကောင်းဒေသကို နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိနေပြီးဖြစ်သည့် ၆၆ ကေဗွီ ငရုတ်ကောင်း(တောင်) ဓာတ်အား ခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ငရုတ်ကောင်း-ငရုတ်ကောင်း (တောင်) ဓာတ်အားလိုင်း (၁၅.၃၂) မိုင်နှင့် ငရုတ်ကောင်း မြို့တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၃-၁၂-၂၀၁၈) ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ ၆၆ ကေဗွီ ငရုတ်ကောင်းဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ငရုတ်ကောင်းမြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၁,၀၀၈) ရှိသည့်အနက် အိမ်ထောင်စု (၃၃၉) စု ဓာတ်အားရရှိသုံးစွဲနိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ ဓာတ်အားဖြန့်ဖြူးရေးလိုင်းနှင့် ခွဲရုံများ ဆောင်ရွက်ပြီးစီးသည့်အချိန်တွင် ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၃၈) ရွာရှိ အိမ်ထောင်စုပေါင်း (၅၉၂၄) စုသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားရယူ သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေးလုပ်ငန်းများ အတွက် နိုင်ငံတော်မှ ကျပ်သန်းပေါင်း (၆,၆၁၉) ကျော် အကုန်အကျခံ တည်ဆောက်ပေးခဲ့ပါ ကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရယူသုံးစွဲနိုင်ခြင်းမရှိသေးသည့်ဒေသများသို့ ဓာတ်အား ရရှိသုံးစွဲနိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း (၁,၄၈၈,၉၈၃) စုရှိသည့်အနက် အိမ်ထောင်စု (၂၆၇,၃၃၃) စု လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနေပြီဖြစ်ပြီး တိုင်းဒေသကြီးတစ်ခုလုံး၏ (၁၈ %) ခန့် ဓာတ်အားရရှိသုံးစွဲနိုင် နေပြီဖြစ်ပါကြောင်း၊ မီးရရှိသုံးစွဲနိုင်ခြင်းမရှိသေးသည့်အိမ်ထောင်စုများကို ဓာတ်အားဖြန့်ဖြူးပေး နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ နိုင်ငံတော်ဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၃,၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိအနေအထားအရ မြန်မာနိုင်ငံ တွင် နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅ %) မှ (၁၉ %) အထိ တိုးတက်သုံးစွဲလာသည့် အတွက် ဓာတ်အားလိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများမှာ ဟင်္သာတမြို့နယ်နှင့် မြန်အောင်မြို့နယ် များအတွင်း ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ မင်းလှ-ဟင်္သာတ-အသုတ် ဓာတ်အားလိုင်း (၈၃) မိုင်နှင့် ဟင်္သာတဓာတ်အားခွဲရုံစီမံကိန်း၊ ၂၃၀ ကေဗွီ ဟင်္သာတ-မြန်အောင်-ဥသျှစ်ပင်ဓာတ်အားလိုင်း (၁၀၅) မိုင်နှင့် မြန်အောင်ဓာတ်အားခွဲရုံစီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ပေါင်း (၁၀.၈၇၇) သန်းရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၇၉ သန်း (၄၄ %) ခန့် လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်ရာ အိမ်ထောင်စုပေါင်း ၆.၀၈၇ သန်း (၅၆ %) ခန့်အား ဓာတ်အားရရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန်ကျန်ရှိနေပါကြောင်း၊ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ပြည်ပချေးငွေများရယူခြင်းအပါအဝင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေများ သုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု အားလုံး၏ (၅၀ %) ပြည့်မီအောင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိတော့မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ (၅၅ %) ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံ အကျဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည့်အတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ အပေါ် ပြည်သူတစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလို ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက် ထားရှိပြီးဖြစ်သည့်အတွက် ဒေသတွင်း လူမှုရေး၊ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ပြီး ရေထွက်ပစ္စည်းလုပ်ငန်းများကိုလည်း ပိုမိုချဲ့ထွင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခင်က ကုန်ကြမ်းအဖြစ်သာ တင်ပို့နေရာမှ ယခုအခါ ကုန်ချောအဖြစ် တိုးတက်ထုတ်လုပ်နိုင်တော့မည်ဖြစ်သည့်အတွက် ၎င်းမှတစ်ဆင့် နိုင်ငံခြားပို့ကုန် စနစ်ကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ဆက်လက်၍ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူး ပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ငရုတ်ကောင်းမြို့မှ ရပ်မိရပ်ဖဖြစ်သူ ဦးသန်းညွန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

               ထို့နောက် ၆၆ ကေဗွီ၊ ငရုတ်ကောင်း- ငရုတ်ကောင်း (တောင်) ဓာတ်အားလိုင်း (၁၅.၃၂) မိုင်နှင့် ၆၆/၃၃/၁၁ ကေဗွီ၊ (၁၀)အမ်ဗွီအေ ငရုတ်ကောင်း ဓာတ်အားခွဲရုံအား လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပါသည်။

               ၄င်းနောက် ၆၆/၃၃/၁၁ ကေဗွီ၊ (၁၀)အမ်ဗွီအေ ငရုတ်ကောင်းဓာတ်အားခွဲရုံ ကမ္ဗည်း ကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံ Control Room နှင့် Switchyard အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

                   ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉ ခုနှစ်၊   မတ်လ   ၂၂  ရက်နေ့၊ ညနေပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ပင်မဓာတ်အားခွဲရုံမှူးများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှုဦးရေ (Electrification Ratio) အား ၅၀% သို့လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် တွင် တစ်နိုင်ငံလုံး၏ ၅၅ % အထိလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ % အထက်သို့ လည်းကောင်း တိုးတက်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိနေသည့်အပြင် ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးနှင့် ဗို့အား ပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် တိုးတက် သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ကြိုတင်တွက်ချက်၍ စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ဒေသရှိ ပြည်သူ လူထုနှင့် အနီးကပ်ထိတွေ့ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ရန် နှင့် ပြည်သူ့ဝန်ထမ်းဖြစ်သည်နှင့်အညီ ပြည်သူလူထုအား လေးလေးစားစားဆက်ဆံ၍ အကောင်း ဆုံးဝန်ဆောင်မှုပေးရန်၊ မိမိတို့ဒေသအား လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေး နည်းလမ်းမျိုးစုံ ဖြင့် စဉ်းစား၍ စီမံဆောင်ရွက်သွားရန် ၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေ သည့် လုပ်ငန်းများအပေါ် အဂတိတရား ကင်းရှင်းစွာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက် အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းမီဆောင်ရွက်သွား ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ၎င်းနောက် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှ ခရိုင်အလိုက် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှု၊ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး နှင့်  ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်းတင်ပြ၍ ဒုတိယ ဝန်ကြီးဒေါက်တာထွန်းနိုင်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီး မှ လုပ်ငန်းလိုအပ်ချက် များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
23-Mar-2019