The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ ၆၆/၁၁-၆.၆ ကေဗွီ၊ ၃၀ အမ်ဗွီအေ လှိုင်တက္ကသိုလ် Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ ဧပြီလ (  ၂၀ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ   အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ ၆၆/၁၁-၆.၆ ကေဗွီလှိုင်တက္ကသိုလ် Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၊ နံနက် ၀၇:၃၀ နာရီအချိန်တွင်  အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်/ ကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂ ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တို့မှ ကိုယ်စားလှယ်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အဓိကလိုအပ်ချက်များကို သာတူညီမျှဖြစ်အောင် ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာတွင် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားသုံးစွဲသူအများအပြားရှိရာသို့ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးလျက်ရှိရာတွင် ဓာတ်အားလိုင်းများ ဝန်အားပြည့်နေခြင်းအား ဖြေရှင်း နိုင်ရန်အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်း (ပြည်ထောင်စုမဟာဓာတ်အားလိုင်းUnion Grid) အနေဖြင့် စတင်တည်ဆောက်လျက်ရှိပြီး နိုင်ငံအတွင်း ၅၀၀ ကေဗွီ ဓာတ်အားလိုင်း (၅) လိုင်း ဆောင်ရွက်သွားရန်  စီမံဆောင်ရွက်နေကြောင်း၊ ဓာတ်အားစနစ် မရောက်သေး သည့်ဒေသများအထိ လျှပ်စစ်ဓာတ်အားရောက်ရှိနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးအရ အချက်အခြာကျပြီး လူနေထိုင်မှု သိပ်သည်းထူထပ်သည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်၍ တိုးတက် လာသောလူဦးရေနှင့် နေထိုင်မှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာသည်သာမက ရန်ကုန် တိုင်းဒေသကြီးတွင် ရှိသော ပြည်သူလူထုအပါအဝင် မြန်မာနိုင်ငံအရပ်ဒေသအသီးသီးမှ မျိုးဆက်သစ် လူငယ်များအတွက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု နှင့်အတူ ပညာရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝှမ်းတွင် အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းစီမံကိန်းလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှလည်း ကြိုးပမ်းစီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ဓာတ်အားခွဲရုံတည်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူပြည်သူများ (အိမ်ထောင်စု ၃၀၂၁၃ စု/ မီးသုံးစွဲသူဦးရေ ၄၃၇၅၈)သို့ လှိုင်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်အတွင်းရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ (၁)ရုံနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ (၄) ရုံတို့မှတဆင့် ဓာတ်အားရယူ ဖြန့်ဖြူးပေးလျက်ရှိရာ နွေရာသီကာလများတွင် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများတွင် ဝန်အားပြည့် ကျော်လွန်မှု (Overload) များ ဖြစ်ပေါ်လျက်ရှိပြီး ဗို့အားပြည့်ဝမှုမရှိခြင်း၊ လျှပ်စစ် ဓာတ်အားလုံလောက်မှုမရှိခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်နေသည့်အတွက် အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရန်၊ Load Sharing ပြုလုပ်ပေးနိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး Load Center ကျသည့့် ယခုဓာတ်အားခွဲရုံ နေရာတွင် တပ်ဆင်အင်အား ၃၀ အမ်ဗွီအေရှိသော ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံကို ဖီဒါ ၈ ခုဖြင့် အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်က ၆.၆ ကေဗွီ ဗို့အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးခဲ့ရာ ဗို့အားကျဆင်းမှုများရှိခဲ့၍ ယခုအခါ ၁၁ ကေဗွီ ဗို့အားစနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲ ဓာတ်အားပေးခဲ့သည့် အတွက် ဗို့အားတည်ငြိမ် စွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး တက္ကသိုလ်/ကောလိပ် များ၏ ပညာသင်ကြားရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများတွင် ထိရောက်သည့် အကျိုးကျေးဇူးများရရှိလာမည်ဟု ယုံကြည်ပါကြောင်း၊ ယခုဓာတ်အားခွဲရုံကို ကျပ် ၄.၅ ဘီလီယံခန့်နှင့် ဓာတ်အားခွဲရုံမှ ဓာတ်အားချိတ်ဆက်နိုင်ရန်အတွက် နှစ်ထပ်မြေအောက် ဓာတ်အားလိုင်း ၁.၅ မိုင်ခန့်ကို ကျပ် ၁.၃ ဘီလီယံခန့် အကုန်ကျခံပြီး တည်ဆောက်ပေးခဲ့ ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ် ပိုမို တောင့်တင်းခိုင်မာစေရန်နှင့် ဓာတ်အားပြည့်မီစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဗို့အားမြင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံ များအား အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ နိုင်ငံတော်မှ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးအတွက် ကျပ် ၁၂၅.၉ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် Residential & Commercial (၉၁၄) မဂ္ဂါဝပ်၊ Industrial (၁၈၂) မဂ္ဂါဝပ်၊ စုစုပေါင်း (၁၀၉၆) မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် Residential & Commercial  (၁၂၇၈) မဂ္ဂါဝပ်၊ Industrial (၂၇၀) မဂ္ဂါဝပ်၊ စုစုပေါင်း (၁၅၄၈) မဂ္ဂါဝပ်အထိ တိုးတက် သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့ပေါင်း (၂၁) မြို့သည် လျှပ်စစ်မီးရရှိသုံးစွဲနေပြီး ကျေးရွာပေါင်း (၂၁၄၃) ရွာရှိသည့်အနက် (၁၀၆၉)ရွာကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ကျန်ရှိသည့် ကျေးရွာများအနက် ကျေးရွာပေါင်း (၁၆၆) ရွာ ဓာတ်အားရရှိရေးကို ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေ၊ World Bank ၊ ADB ၊ JICA စသည့် အဖွဲ့အစည်းများ၏ ချေးငွေများဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆက်လက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါကြောင်း၊ ယခု လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုပေါင်း (၁,၅၈၂,၉၄၄)စုရှိသည့်အနက် အိမ်ထောင်စုပေါင်း (၁,၂၀၄,၀၇၅) စု (၇၆%) ခန့်သည် ဓာတ်အားစနစ်မှ ဓာတ်အားရရှိ သုံးစွဲလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဓာတ်အားစနစ်မှ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၏ နောင်တွင် တိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၂၀ မဂ္ဂါဝပ်၊ အလုံ (LNG) ဓာတ်အားပေး စက်ရုံ ၃၅၆ မဂ္ဂါဝပ်နှင့် မီးလင်းချိုင့် (LNG) ဓာတ်အားပေးစက်ရုံ ၁၃၉၀ မဂ္ဂါဝပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ရရှိလာမည့်ဓာတ်အားများကို သယ်ဆောင်၍ ဖြန့်ဖြူးနိုင်ရန်အတွက် ယခုနှစ်မှ ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်အထိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ အသစ်တည်ဆောက်ခြင်း ၁၆ ရုံ (၈၇၀ အမ်ဗွီအေ) နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံသို့ အဆင့်မြှင့်တင်ခြင်း (၈၇၀ အမ်ဗွီအေ) တို့အား ကျပ်သန်းပေါင်း ၁၃၆,၆၂၁.၆၄ အကုန်အကျခံ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့မြန်မာ နိုင်ငံတွင် အိမ်ထောင်စု စုစုပေါင်း၏ ၄၄ % ခန့် လျှပ်စစ်ဓာတ်အားရရှိလျက်ရှိပြီး              ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ၅၀ % သို့လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း၏ ၅၅ % ခန့်သို့လည်းကောင်း လျှပ်စစ်ဓာတ်အားရယူသုံးစွဲနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း၏ ၇၅ %၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု အားလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရရှိရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ပြည်ပ ချေးငွေများရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေများသုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နိုင်ငံတော်မှ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိရာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့မှ ဓာတ်အားခွဲရုံ အကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ကြပြီး လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးမှ ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့ပါသည်။

          ထို့နောက် ၆၆/၁၁-၆.၆ ကေဗွီ၊ ၃၀ အမ်ဗွီအေ လှိုင်တက္ကသိုလ် Gas Insulated Switchgear(GIS)ဓာတ်အားခွဲရုံဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးကျော်ကျော်ထွန်းနှင့် ဒေါ်ခိုင်မာဌေး၊ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂမှ ဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

          ၄င်းနောက် ၆၆/၁၁-၆.၆ ကေဗွီ၊ ၃၀ အမ်ဗွီအေ လှိုင်တက္ကသိုလ် Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံ၏ ကမ္ဗည်းမော်ကွန်းကျောက်စာအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဓာတ်အား ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
20-Apr-2019