The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ရန်ကုန် တိုင်းဒေသကြီးအတွက် C1-W10 ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အတွက် C1-W12 နှင့် မန္တလေးတိုင်းဒေသကြီး (အစားထိုးကျေးရွာများ)အတွက် C1-W14 တို့အတွက် တည်ဆောက်ရေး လုပ်ငန်း တင်ဒါ အောင်မြင်သည့်ကုမ္ပဏီ (၆) ခုတို့အကြား တည်ဆောက်ရေး လုပ်ငန်းအပ်နှံသည့် စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်၊ ဧပြီလ၃၀  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ရန်ကုန် တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာ စုစုပေါင်း (၅၉၀) ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်း တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာချုပ် လက်မှတ်ရေးထိုး သည့် ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် “၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး”ကို ရည်မှန်း၍ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက် ရှိရာ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုများ အားလုံးအနက်မှ (၄၄) ရာခိုင်နှုန်း သည် လျှပ်စစ်ဓာတ်အားအသုံးပြုခွင့် ရရှိနေပြီး  ၂၀၂၀-၂၀၂၁ ခုနှစ်တွင်  အိမ်ထောင်စု (၅၅) ရာခိုင်နှုန်း  လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ရရှိရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စုဦးရေ (၇၅) ရာခိုင်နှုန်းကိုလည်းကောင်း၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး အိမ်ထောင်စုဦးရေ(၁၀၀)ရာခိုင်နှုန်း ရာနှုန်းပြည့်  လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် ရရှိရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ လျှပ်စစ် ဓာတ်အား အပြည့်အဝ ရရှိနိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေရရှိရေးအတွက် ပြည်ထောင်စုဘဏ္ဍာ ငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ ဖြင့်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော World Bank ၊ ADB ၊ JICA ၊ KfW Bank တို့မှ အတိုးနှုန်းသက်သာသော နှစ်ရှည် ချေးငွေများဖြင့်လည်းကောင်း လျှပ်စစ်ဓာတ်အားပိုမို ရရှိရေး ကို တွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာသန်း (၃၁၀) ဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပထမအဆင့် အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင် အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ပထမအဆင့် စာရင်းပါ ကျေးရွာ ၅၀၈၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို (International Competitive Bidding- ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများရောက်ရှိလျက်ရှိပါကြောင်း၊ ယခုအခါ ပထမအဆင့်ပါ ကျေးရွာများအတွက် တည်ဆောက်တပ်ဆင်ခြင်း တင်ဒါကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ခဲ့ပြီး ဝန်ကြီးဌာနကလည်း အတည်ပြုထားပြီးဖြစ်ပါ၍ ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ အိမ်ထောင်စု စုစုပေါင်း၏ မီးသုံးစွဲသူဦးရေမှာ  ၃၄ % ခန့်ကိုသာ လျှပ်စစ် ဓာတ်အားပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မီးသုံးစွဲသူ ၅၀ % အထိ ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ပါကြောင်း၊ ယခု အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းသည် ကျေးရွာနေ ပြည်သူများ လျှပ်စစ် ဓာတ်အားရရှိရေးကို ဖော်ဆောင်ပေးမည့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ထပ်မံ၍ နိုင်ငံတကာ နှစ်ရှည်ချေးငွေ အထောက်အပံ့များ ရရှိရေးအတွက်လည်း (International Development Partner - IDP) များနှင့်လည်း ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Universal Electricity Access ရရှိရေးကိုလည်း ဖော်ဆောင်ပေးမည့် ရှေးဦးစီမံကိန်းတစ်ခုလည်း ဖြစ်ကြောင်း၊ ယနေ့ချုပ်ဆိုသည့် စာချုပ်များအရ မီးလင်းနိုင်မည့် အိမ်ထောင်စုဦးရေမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် အိမ်ထောင်စုဦးရေ (၂၀,၂၉၂) စု တိုးလာနိုင်သဖြင့်  Electrification Rate ၈၈.၁၃ % သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ထောင်စုဦးရေ (၃,၅၁၉)စု တိုးလာနိုင်သဖြင့် Electrification Rate ၃၉.၆၇ % သို့ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် အိမ်ထောင်စုဦးရေ (၉,၄၅၉) စု တိုးလာနိုင် သဖြင့်  Electrification Rate ၃၀.၄၀ % သို့လည်းကောင်း၊  ရခိုင်ပြည်နယ်တွင် အိမ်ထောင်စုဦးရေ (၄၈၀) စု တိုးလာနိုင်သဖြင့်  Electrification Rate ၂၁.၆၁ % သို့ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အိမ်ထောင်စုဦးရေ (၁,၀၄၄) စု တိုးလာနိုင်သဖြင့်  Electrification Rate ၃၂.၄၄ % သို့လည်းကောင်း၊ ကရင်ပြည်နယ် တွင် အိမ်ထောင်စုဦးရေ (၄,၂၂၀) စု တိုးလာနိုင်သဖြင့်  Electrification Rate ၂၉.၉၀ % သို့လည်းကောင်း၊ မွန်ပြည်နယ်တွင် အိမ်ထောင်စုဦးရေ (၁,၃၃၂) စု တိုးလာနိုင်သဖြင့်  Electrification Rate ၅၂.၁၀ % သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အိမ်ထောင်စုဦးရေ (၃၅,၇၄၂) စု တိုးလာနိုင်သဖြင့်  Electrification Rate ၆၂.၂၁ % သို့ လည်းကောင်း အသီးသီးတိုးတက်လာမည်ဖြစ်ပြီး မီးလင်းနိုင်မည့် အိမ်ထောင်စု အရေအတွက်စုစုပေါင်းမှာ  (၇၆,၀၈၈ ) စု ဖြစ်ပါကြောင်း၊ NEP ပထမအဆင့်အနေဖြင့် ဓာတ်အားလိုင်းမှ (၂) မိုင်အတွင်းရှိ ကျေးရွာ(၅,၀၈၀) ရွာအတွက် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဆောင်ရွက်နေပြီဖြစ်ကာ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ပြီးစီးမည်ဖြစ်ပြီး ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း (၅,၀၈၀)ရွာရှိ အိမ်ထောင်စုပေါင်း (၆၂၆,၇၅၇) ခန့် မီးလင်းနိုင်မည်ဖြစ်သည့်အတွက် Electrification Rate  ၅.၆ %  ခန့် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ NEP ဒုတိယ အဆင့်အနေဖြင့် ဓာတ်အားလိုင်းမှ (၅) မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေး အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်ပါ စီမံကိန်းများအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြီးစီးအောင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမ အဆင့်ကျေးရွာများနှင့် ဒုတိယအဆင့်ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ပေါင်း (၈,၅၃၇) ရွာရှိ အိမ်ထောင်စုပေါင်း (၁,၀၃၂,၄၁၁) စုခန့်  လျှပ်စစ်ဓာတ်အား ရရှိလာမည်ဖြစ်ပြီး စုစုပေါင်း Electrification Rate  ၉.၅ % ခန့် တိုးတက်လာကာ ယခုနှစ်ကုန်မတိုင်မီ တစ်နိုင်ငံလုံး၏ Electrification Rate မှာ ၂၀၁၉ ခုနှစ်ကုန်တွင်  ၅၀ % တိုးတက်လာရန် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး Electrification Rate ၅၅ % ထိ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အား ပြည့်မီ နိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများ တိုးချဲ့ဆောင်ရွက်နေသကဲ့သို့ သုံးစွဲလျက် ရှိသော ပြည်သူများအနေဖြင့် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားရရှိနိုင်စေရေး အတွက်ကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် နည်းပညာအရ ယုံကြည်စိတ်ချသော လျှပ်စစ်ဓာတ်အားရရှိစေရေး၊ ဓာတ်အား ပြတ်တောက်မှုအချိန် လျော့နည်းစေရေးတို့အတွက် N-1  System ဖြစ်သော Single circuit မှ Double Circuit ဖြစ်စေရေး၊ 1 Source မှ 2 Source ဖြစ်စေရေးတို့ကိုလည်း ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြည်သူအား အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ရရှိသောအချိန် အတိုင်းအတာအတွင်းတွင် ဘဏ္ဍာငွေရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ပြည်သူကို ဝန်ဆောင်မှုပေးရာ၌ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာ ပေးအပ်နိုင်အောင် ဆောင်ရွက်မှုအပြင် နိုင်ငံတော်၏ အရန်လျှပ်စစ် ဓာတ်အားရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း  ပြောကြားခဲ့ ပါသည်။

            ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

            ၎င်းနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ တည်ဆောက်ရေးတင်ဒါ (၄) ခုအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် ကုမ္ပဏီ (၂) ခု၏ တာဝန်ရှိသူများမှလည်းကောင်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ တည်ဆောက်ရေးတင်ဒါ (၃) ခုအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ အမှုဆောင်အရာရှိချုပ်နှင့် ကုမ္ပဏီ (၂) ခု ၏ တာဝန်ရှိသူများမှလည်းကောင်း၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ တည်ဆောက်ရေးတင်ဒါ (၃) ခုအတွက် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ်နှင့် ကုမ္ပဏီ (၃) ခု၏ တာဝန်ရှိသူများမှ လည်းကောင်း  အသီးသီး လက်မှတ်ရေးထိုး၍ စာချုပ်များ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
30-Apr-2019