The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျောက်ဆည်မြို့နယ် ဘဲလင်း ၁၄၅မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၁၇


နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဘဲလင်း ၂၃ဝ ကေဗွီ ဓာတ်အားခွဲရုံ ဝင်းအတွင်း၌ တည်ဆောက်ပြီးသွားသည့် ၁၄၅မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ နှင့် ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ သူများ၊ ဘဲလင်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် ခဲ့ကြသည့် Powergen Kyaukse Co.,Ltdမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ပညာရှင်များ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လျှပ်စစ်ဓာတ်အားဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက် တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံ အတော်များများမှာဆိုရင် ၈ဝ ရာခိုင်နှုန်းကျော် ၉ဝ ရာခိုင်နှုန်းကျော်၊ ၁ဝဝ ရာခိုင်နှုန်းပြည့် စသည်ဖြင့် လျှပ်စစ် ဓာတ်အားပေးနိုင်ပေမယ့် ကျွန်မတို့နိုင်ငံမှာအခုအချိန်အထိ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရဲ့ ၅ဝ ရာခိုင်နှုန်းတောင် မပြည့်သေးတာကို တွေ့နေရပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိဖို့ အများကြီးကြိုးစားနေဖို့ လိုပါတယ်။ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ဖို့ အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းသစ်တွေ ဖွင့်လှစ်ခြင်း၊ ဓာတ်အားခွဲရုံအသစ်တွေ ဖွင့်လှစ်ခြင်း တွေကို ဆောင်ရွက်လျက်ရှိပါတယ်။

“ဒီနှစ်မကုန်ခင်မှာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅ဝ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ဒါဟာ ကျွန်မတို့ ၂ဝ၁၆ ခုနှစ်တုန်းက ၃ဝ ရာခိုင်နှုန်းလောက်ကနေပြီးတော့ အခု ဒီနှစ်မကုန်မီ ၅ဝ ရာခိုင်နှုန်းအထိ ရောက်ဖို့အတွက် ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။ လာမဲ့ ၂ဝ၂၅မှာဆိုရင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် သုံးစွဲနိုင်မယ်လို့မျှော်မှန်းထားပါတယ်။

“အခုအစိုးရတာဝန်ယူပြီးနောက်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ခဲ့တဲ့ မြင်းခြံသဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓာတ်ငွေ့အားပေးစက်ရုံ ၂၂၅ မဂ္ဂါဝပ်၊ V Power ကုမ္ပဏီမြင်းခြံ Gas Engine ဓာတ်အားပေးစက်ရုံ ၉ဝ မဂ္ဂါဝပ်၊ ဒီနေ့ ဖွင့်လှစ်တဲ့ ကျောက်ဆည် (ဘဲလင်း) သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၄၅မဂ္ဂါဝပ်နဲ့ ၂ဝ၁၆ ခုနှစ် မေလက စတင်လည်ပတ်ခဲ့တဲ့ မြင်းခြံ Gas Engine ဓာတ်အား ပေးစက်ရုံ ၆၅ မဂ္ဂါဝပ် စုစုပေါင်း ၅၂၅ မဂ္ဂါဝပ် ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိပြီး အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ဓာတ်အားတွေဟာ မန္တလေးတိုင်းဒေသကြီးရဲ့ သုံးစွဲမှုကို ထောက်ပံ့ပေးတဲ့ အပြင် ဓာတ်အားစခန်းနဲ့ ချိတ်ဆက် ပို့လွှတ်နေတဲ့အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ပြည်သူ ပြည်သားများထံသို့ ရောက်ရှိနေပြီးတော့ သုံးစွဲနိုင်ပြီးဖြစ်ပါတယ်။

“မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ၂၃ဝ KV အထက်ရဲရွာ-ရွှေစာရံ ဓာတ်အားလိုင်းစီမံကိန်း ၂၃ဝ KV မြင်းခြံ၊ မိတ္ထီလာ၊ တောင်တွင်းကြီး ဓာတ်အားလိုင်းစီမံကိန်း၊ ၅ဝဝ KV မိတ္ထီလာ ဓာတ်အားခွဲစက်ရုံ စီမံကိန်း၊ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း (၆ဝ မဂ္ဂါဝပ်) လုပ်ငန်းတွေကို လည်း ဆက်လက်ဆောင်ရွက်နေပါတယ်။

“အစိုးရတာဝန်ယူတဲ့အချိန်ကစပြီးတော့ နိုင်ငံတိုးတက်ရေးအတွက်၊ ဖွံ့ဖြိုးရေး အတွက် အဓိကကျတဲ့ကိစ္စနှစ်ခုဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားရရှိရေးပဲ ဖြစ်တယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်း ဆက်သွယ်ရေးကောင်းလာပြီ၊ လျှပ်စစ်ဓာတ်အားရလာပြီဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများရဲ့ဘဝ မြန်မြန်ကြီးကို တိုးတက်တယ်ဆိုတာ ကျွန်မ တို့ သတိပြုမိပါတယ်။

“လျှပ်စစ်ဓာတ်အားရရှိတယ်ဆိုတာဟာ မီးခလုတ်လေးဖွင့်ရုံနဲ့ မီးလင်းရုံတင်မက ဘူး၊ မီးလင်းသွားခြင်းရဲ့ အကျိုးဆက်တွေကို ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေ ခံစားရပါ တယ်။ အကျိုးဆက်တွေက အရိုးဆုံး၊ အရှင်းဆုံး ပြောရမယ်ဆိုရင် အိမ်အလိုက်၊ မိသားစုအလိုက် လျှပ်စစ်ဓာတ်အား မရတဲ့ အခြေအနေကနေပြီးတော့ ရတဲ့အခြေအနေကို ရောက်သွားရင် ကျောင်းသွားတဲ့ ကလေးတွေ စာကောင်းကောင်း ပိုပြီးတော့ ကျက်နိုင်တာ ကနေစပြီးတော့ မိဘတွေအနေနဲ့ အိမ်တွင်းမှာ လုပ်ငန်းကလေး တွေ လုပ်ချင်ရင်တောင်မှ လုပ်နိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်ဓာတ်အားရရှိရေးဟာ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အများကြီးကောင်း တယ်လို့ ဆိုလိုပါတယ်။

“လျှပ်စစ်ဓာတ်အားရရှိရေးဆိုရင် အလင်းနဲ့ ပြည်သူတွေက ဆက်စပ်ပြီးတော့ စဉ်းစားပါတယ်။ အမှောင်ကိုခွင်းလို့ အလင်းကိုရောက်ပြီဆိုတဲ့ သဘော မျိုးပါ၊ ဒါပေမယ့် အမှောင်ကိုခွင်းလို့ အလင်းကို ရောက်ပြီဆိုတာ ကျွန်မတို့ ဟိုးအရင် တုန်းက စာပေဗိမာန်ရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ဒါဟာ ပညာအလင်းကိုပေးခြင်းကို ဆိုလိုတာပါ။ ဒါကြောင့်မု့ိ ကျွန်မကတော့ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေအားလုံးကို အသိပေးချင်တာကတော့ လျှပ်စစ်မီးရခြင်း ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာအရ၊ နည်းပညာပိုင်းဆိုင်ရာအရ ပြည်သူတွေကို အလင်းပေးခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နိုင်ငံ တကယ့်ကို လင်းဖို့ဆိုရင် ပြည်သူတွေ ကိုယ်တိုင် ကြိုးစားရမှာပါ။ လျှပ်စစ်မီးရဲ့ လင်းနိုင်တဲ့အင်အားထက် ပိုပြီးတော့ကြီးတာဟာ ပညာအလင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာအလင်းထက် ပိုပြီးတော့တောင် တန်ဖိုးရှိ တာဟာ မေတ္တာအလင်းပဲ ဖြစ်ပါတယ်။

“ဒါကြောင့်မို့ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများဟာ ပညာကြိုးစားရမယ်၊ ပညာရှိ အောင် ဆောင်ရွက်ကြရမယ်၊ ပညာဆိုတာ အတန်းပညာကို ပြောနေတာ မဟုတ်ပါဘူး။ မှန်မှန်ကန်ကန် အခြေအနေ တစ်ခုကို ပိုင်းခြားစိတ်ဖြာနိုင်တဲ့၊ အစွမ်းရှိတဲ့ ပညာ၊ ဒီလို ပိုင်းခြားစိတ်ဖြာပြီးတဲ့ အခါကျရင် ပိုမိုပြီးတော့ အခြေအနေတွေကောင်းမွန်အောင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစား ဆွေးနွေးပြီးတော့ တာဝန်ယူနိုင်တဲ့ ပညာ၊ အဲဒီလို အဆင့်ဆင့်ပညာတွေ ကျွန်မတို့မှာ လိုပါတယ်။

“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စု ဖြစ်တယ်ဆိုတာ ကျွန်မ သတိပေးပါတယ်။ ပြည်ထောင်စု ဖြစ်တာကြောင့် ဒီနိုင်ငံမှာ ဘာပဲလုပ်လုပ် ကျွန်မတို့တစ်နိုင်ငံလုံးအတွက် မျှမျှတတ ဖြစ်ရဲ့လားဆိုတာ စဉ်းစားပြီးမှ ကျွန်မတို့ကြိုးစားပြီးတော့ လုပ်ပါတယ်။ တစ်နေရာတည်းမှာ စီးပွားရေးအမြင်တစ်ခုနဲ့ပဲ ဒီနေရာမှာတော့ လျှပ်စစ်မီးရရင် စီးပွားရေးက တိုးတက်မယ်။ မြန်မြန်ဆန်ဆန် ချမ်းသာမယ်ဆိုတဲ့ အမြင်တစ်ခုနဲ့ပဲ ကျွန်မတို့ ကြည့်လို့ မရပါဘူး။ ကျွန်မတု့ိရဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေ ပိုပြီးတော့ ခိုင်မာရေးအတွက် ကျွန်မတို့မှာရှိတဲ့ ဓနအင်အားတွေ၊ နိုင်ငံတော်ရဲ့ဘဏ္ဍာနဲ့ ကျွန်မတို့နိုင်ငံမှာ ရင်းနှီး မြှုပ်နှံချင်တဲ့ ပြည်ပရော၊ ပြည်တွင်းက ပုဂ္ဂိုလ်တွေရောရဲ့ အင်အားတွေကို နိုင်ငံအတွက် ဖြစ်အောင် ဘယ်လိုသုံးမလဲလို့ စဉ်းစားတဲ့အခါမှာ ပြည်ထောင်စုဆိုတဲ့ အတွေးအခေါ်နဲ့ စဉ်းစားရပါတယ်။ ပြည်ထောင်စု တစ်ခုလုံးချမ်းသာ လာယုံတင်မက ပိုပြီးတော့ ညီညွတ် လာအောင်လို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုပိုပြီး ရှိလာအောင်လို့ ဦးတည်ပြီးတော့ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းတွေကို အကောင် အထည်ဖော်ရပါတယ်။

“ကျွန်မစောစောကပြောသလိုပဲ လျှပ်စစ်ဓာတ်အားပေးရေးကို စဉ်းစားတဲ့အခါကြရင် ပိုက်ဆံတွက် တစ်ခုတည်းနဲ့ မစဉ်းစားပါဘူး။ နိုင်ငံရဲ့ အနာဂတ်အတွက် ဘယ်လို အကျိုးပြုနိုင်မလဲဆိုတဲ့ အချက်တွေကို အဓိကထားပြီးတော့ စဉ်းစားပါတယ်။ ကျွန်မတို့ နိုင်ငံပိုပြီးတော့ လင်းလာအောင် ပြည်သူပြည်သားများ ကြိုးစားပေးကြပါလို့ ထပ်တ လဲလဲ မေတ္တာရပ်ခံခဲ့သလို ယခုလဲ ထပ်ပြီးမေတ္တာ ရပ်ခံချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ လွတ်လပ် ရေးရပြီးတဲ့ အချိန်ကနေစပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ၁ဝဝ ရာခိုင်နှုန်းဆိုတာ မရခဲ့ပါဘူး။ တစ်ချိန်လုံး ဟိုနေရာမဟုတ် ဒီနေရာလာ ပြည်တွင်း ပဋိပက္ခမီးတွေက တောက်လောင်နေတာတွေ့ရပါတယ်။ လျှပ်စစ်ဓာတ် အားထက်ပိုပြီးတော့ အရေးကြီး တာက ကျွန်မတို့နိုင်ငံမှာ တောက်နေတဲ့အပူမီးတွေကို ဘယ်လိုငြိမ်း သွားအောင်လုပ်ပေး နိုင်မလဲဆိုတာ ပညာတွေထက် မေတ္တာတွေကို တိုးပွား အောင်လုပ်ဖို့ဖြစ်ပါတယ်။

“လျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ခု အသစ်ဖွင့်တိုင်းဖွင့်တိုင်း လျှပ်စစ် ဓာတ်အားပေးမှု လုပ်ငန်းတစ်ခု အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်တိုင်း ဖော်နိုင်တိုင်း ပြန်ပြီးတော့သုံးသပ်ပါတယ်။ လျှပ်စစ်ဓာတ် အားစက်ရုံတစ်ခုပိုပြီး တော့ရှိတဲ့ အတွက် ဘယ်လိုကျွန်မတို့ နိုင်ငံအတွက် အကျိုးရှိနိုင်မလဲ စီးပွားရေးအရ ဘယ်လိုအကျိုး ရှိနိုင်မလဲ၊ လူမှုရေးအရ ဘယ်လိုအကျိုးရှိနိုင်မလဲ၊ နိုင်ငံရေးအရဘယ်လို အကျိုးရှိနိုင်မလဲ ဆိုတာကို စဉ်းစားရပါတယ်။ နိုင်ငံရေးဆိုတာ ကျွန်မစောစောကပြောတဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံတဲ့နိုင်ငံရေးဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံတဲ့နိုင်ငံ ရေးကို အားလုံးတစ်ညီတစ်ညွတ်ထဲနဲ့ ထမ်းဆောင်မယ်ဆိုရင် ဒီနိုင်ငံဟာဘယ်လို အခက်အခဲတွေ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ဘဲ ရင်ဆိုင်ရရင်ဆိုင်ရ အမြန်တိုးတက်မယ်။ ခိုင်ခိုင်မာမာ အနာဂတ်အတွက်ထိန်းသိမ်း ထားနိုင်တဲ့ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဖြစ်တည်လာ နိုင်မယ်လို့ အဓိကယုံကြည်ပါတယ်။

“ဒါကြောင့် ပြည်သူကို အားကိုးတယ်။ ပြည်သူကို ယုံကြည်တယ်။ ပြည်သူကို အားကိုးပြီးတော့ ပြည်သူကို ယုံကြည်ပြီးတော့ နိုင်ငံရေးလုပ်ငန်းကို လုပ်ရပါတယ်။ ဒီမိုကရေစီ ဒီမိုကရေစီဆိုပြီးတော့ ပြောတဲ့အခါမှာ တချို့တွေက အခွင့်အရေးတွေကို ပဲဖိပြီးတော့ ပြောကြပါတယ်။ အခွင့်အရေးတွေကိုပဲ ဖိပြီးတော့ ပြောလို့မရပါဘူး။ တာဝန် ဝတ္တရားတွေကိုလဲ သိရမှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်ရသွားပြီဆိုရင် လျှပ်စစ်ဓာတ်မီး ရခြင်းကြောင့် ပိုလာတဲ့အလင်းရောင်တွေကို အများအတွက်အကျိုးရှိအောင်လို့ သုံးပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကျောင်းသူ ကျောင်းသားများဟာ အရင်တုံးက နဲ့ပိုပြီးတော့ စာဖတ်နိုင်တဲ့ အနေအထား၊ စာကျက်နိုင်တဲ့အနေအထားရှိ လာတဲ့အခါမှာ စာကျက်ခြင်းတွေ စာဖတ်ခြင်း တွေဟာ အများအတွက်ဖြစ်ပါစေလို့ တိုက်တွန်းချင်ပါတယ်။

“တစ်နိုင်ငံလုံးကို မကြာမီကာလအတွင်း ၁ဝဝ ရာခိုင်နှုန်းရဖို့ ကျွန်မတို့ရဲ့ မျှော်လင့် ချက်တွေ စီမံကိန်းတွေအောင်မြင်တဲ့အခါမှာ ဒီနိုင်ငံဟာ တမူထူးခြားပြီး တိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာစေချင်ပါတယ်။ ဘာဖြစ်လို့ တမူထူးတယ်လို့ ပြောချင်တာ လဲဆိုတော့ အခု ကမ္ဘာကြီးမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအင်မတန်မှ ဦးစားပေးပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ တိုးတက် မှုကို ဦးစားပေးလို့ ဖြစ်ပေါ်လာတဲ့လူမှုရေးပြဿနာ တွေကိုလည်း ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ အခုထိအဖြေမပေါ်သေးပါဘူး။ ကျွန်မတို့နိုင်ငံ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ကစရုံပဲရှိသေးတဲ့အပေါ်မှာ တိုးတက်ဆဲနိုင်ငံ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုဖြစ်တဲ့အချိန်ကစပြီးတော့ တကယ်ကို ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ် တွေကို မွေးမြူဖို့ကလိုပါတယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ်တွေသာ ကျွန်မတို့မှာ ရှိမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိနေတဲ့ နိုင်ငံတွေထက် ပိုပြီးတော့ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများဟာ အဖိုးတန်တဲ့ လူသားတွေကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမှာပါ။ အခု လျှပ်စစ်ဓာတ်အားပေးရုံ တစ်ခုပိုပြီးတော့ များလာခြင်း ကြောင့် ကျွန်မတို့နိုင်ငံကြီး ငြိမ်းချမ်းဖို့အခွင့်အရေးတွေ ဖွံဖြိုးတိုးတက်လာပါစေ။ပြည်သူ ပြည်သူ များဟာ ပြည်ထောင်စုကြီးတင်မက ကမ္ဘာကြီးကို အကျိုးပြုနိုင်တဲ့ လူသားများဖြစ် လာနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နိဂုံးချုပ်ပါ တယ်” ဟု ပြောကြားသည်။

Credit: httpss://www.facebook.com/state.counsellor/

Post under by : ဝန်ကြီးရုံး
17-May-2019