The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အင်ဂျင်နီယာများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ ဇူလိုင် () ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနရှိ  ဝန်ထမ်းများ၏အရည်အချင်းများတိုးတက်စေရန် နိုင်ငံခြားသို့ပညာတော်သင် စေလွှတ်ခြင်း၊ နိုင်ငံတကာနည်းပညာဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ် ဆိုင်ရာ စာတမ်းဖတ်ပွဲ များသို့ တက်ရောက်စေခြင်းတို့အပြင် ပြည်တွင်း၌လည်း အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲ များ၊ အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အခြားဌာနများမှပို့ချသည့် သင်တန်း များသို့ တက်ရောက်သင်ကြားစေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ဖွင့်လှစ်သည့် အင်ဂျင်နီယာများ မွမ်းမံသင်တန်း၏ ရည်ရွယ်ချက်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်တည်နိုင်ရန်အတွက် လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ်အင်ဂျင်နီယာများပေါ်ထွက်လာစေရန်နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အား သယ်ပို့လိုင်း၊ ဓာတ်အားခွဲရုံ၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့တွင် ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းမောင်းနှင် တာဝန်ထမ်းဆောင် နိုင်သည့် အရည်အချင်းများ ပြည့်ဝစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယခုသင်ကြားပို့ချ ပေးမည့် အင်ဂျင်နီယာများ မွမ်းမံသင်တန်းသည် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပညာရပ်များဖြစ်သည့် ဓာတ်အားထုတ်လုပ်မှု ဘာသာရပ်များ၊ ဓာတ်အားသယ်ပို့ဖြန့်ဖြူးခြင်းဘာသာရပ်နှင့် အခြေခံမြို့ပြ ဆိုင်ရာများကို သင်ကြားပို့ချပေးနိုင်ရန် စီစဉ်ထားပါကြောင်း၊ ထို့အပြင် လျှပ်စစ်ကဏ္ဍတွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ ဝါရင့်ကျွမ်းကျင် အတတ်ပညာရှင်များလည်း ပါဝင်ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး Site Visit အဖြစ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကိုလည်း လက်တွေ့ကွင်းဆင်းလေ့လာခွင့်ရရှိအောင် စီစဉ် ထားပါကြောင်း၊ သင်တန်း၏ရည်ရွယ်ချက်အတိုင်း ထိရောက်စေရေးအတွက် တက်ရောက်လာသည့် သင်တန်းသားများကို သင်တန်းနည်းပြများက မိမိတို့လုပ်သက် တစ်လျှောက် လုပ်ငန်း အတွေ့အကြုံ များ ထည့်သွင်းပြီး သင်ကြားပို့ချသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့် တက်လို၊ သိလိုသည့်စိတ် များကိုအရင်းခံ၍ စိတ်ဝင်တစားကြိုးစားလေ့လာ  သင်ယူဆည်းပူးကြစေလိုကြောင်း၊ အင်ဂျင်နီယာ ဝန်ထမ်းများအနေဖြင့် အင်ဂျင်နီယာဘာသာရပ်အပြင် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းစီမံရေး စသည့် ဘာသာရပ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိထားရန် လိုအပ်ပါကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဆေးပညာရပ်ဆိုင်ရာကဏ္ဍစသည်တို့တွင် နည်းပညာရပ်ဆိုင်ရာများ တဟုန်ထိုးမြင့်မား တိုးတက်နေသည့်အတွက် အင်ဂျင်နီယာပညာရပ် အပါအဝင် မည်သည့်နည်းပညာရပ်ကိုမဆို အမြဲတစေဆည်းပူးလေ့လာပြီး၊ တွေးတောကြံဆခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် လက်တွေ့ကြိုးစားအားထုတ်လုပ်ကိုင်ခြင်းတို့ကို အခါမလပ်ဆောင်ရွက် နိုင်မှသာ အောင်မြင်မှုအသီး အပွင့်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး ပို့ချပေးသည့် ပညာရပ်များကို စိတ်ဝင်စားစွာလေ့လာသင်ယူ၍ နိုင်ငံတော်နှင့်ဝန်ကြီးဌာနအတွက် အားကိုးအားထားပြု နိုင်ပြီး နိုင်ငံတော်၏လုပ်ငန်းများတွင် လက်ဆင့်ကမ်းသယ်ဆောင်သွားကြမည့် အင်ဂျင်နီယာ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ သင်တန်း နည်းပြဆရာများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

အဆိုပါ အင်ဂျင်နီယာများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး/ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ သင်တန်းသား/ သင်တန်းသူ (၂၉) ဦးဖြင့် ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
01-Jul-2019