၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ( ၅ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၀၈: ၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်ပင်မဓာတ်အားခွဲရုံအမှတ်(၂)၌ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဌာနအကြီးအကဲများက ကံ့ကော်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြပါသည်။
ထို့နောက် အရာထမ်း၊ အမှုထမ်းများက စိန်တလုံးသရက်ပျိုးပင်များအား စုပေါင်း စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးကြပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ စိန်တလုံးသရက်၊ စိန်ပန်းပြာ၊ တမာ၊ ပိတောက်၊ ပန်းမယ်ဇလီ၊ မယ်ဇယ်၊ ကုက္ကို၊ မန်ကျည်း၊ ဇီး၊ ပိန္နဲ စသည့်ပျိုးပင်ပေါင်း ၁၇၀၀၀ ပင်တို့အား နေပြည်တော်ပင်မဓာတ်အားခွဲရုံ အမှတ်(၂) ၊ ရုံးအမှတ် (၆)၊ ရုံးအမှတ် (၄၄) တို့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)တည်ဆောက်ရေး(ပေါင်းလောင်း)၊ ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၊ နေပြည်တော်ပင်မဓာတ်အားခွဲရုံအမှတ်(၁)၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံ၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံနှင့် ဝဏ္ဏသိဒ္ဓိအားကစားဝင်း ဓာတ်အားခွဲရုံတို့တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ပါသည်။