The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဘိုင်းဒါး ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီ:ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဘိုင်းဒါးဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်၊ ၇၂/၂ အနီးတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ဘိုင်းဒါး ဓာတ်အားခွဲရုံ တွင် တပ်ဆင်အသုံးပြုရန် သယ်ဆောင်လာသည့် 230/33/11 kV ၊ 20 MVA ထရန်စဖော်မာ (၃) လုံးအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

          ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါး ကျေးရွာအနီး 230/33/11 kV ၊ 60 MVA ဘိုင်းဒါး ပင်မဓာတ်အားခွဲရုံ စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်း တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြ ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်မှ ဖြည့်စွက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက် သွားရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဗျက်ကလေး ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် 30.72 kW, Mini Grid Solar Plant သို့ ရောက်ရှိရာ ဗျက်ကလေးကျေးရွာ တာဝန်ရှိသူများမှ Solar Plant မှ ဓာတ်အား ထုတ်လုပ်ပေးနေမှုအခြေအနေနှင့် ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး Solar Plant အတွင်း ကြည့်ရှု၍ ကျေးရွာအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား အသုံးပြုမှုအခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်၊ ၂၀၄/၄ ၊ ဒက္ခိဏသီရိမြို့နယ်၊ မာန်ကျည်းကုန်းကျေးရွာအနီး ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း (၁၄၆) မိုင် ကြိုးဆွဲခြင်း လုပ်ငန်း၏ အပိုင်း (၂) တွင် SEPCO Co., Ltd. မှ ဆောင်ရွက်သည့် တိုင်အမှတ်၊ ၃၁၉ မှ ၃၃၇ အထိ  ကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များအား ဌာန တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် ကျေးရွာများအနက် နေပြည်တော် ကောင်စီနယ်မြေရှိ ဒက္ခိဏသီရိမြို့နယ်၊ မာန်ကျည်းကုန်းကျေးရွာ၊ ပိတောက်ကုန်းကျေးရွာနှင့် ဂွေးတောက်ရိုးကျေးရွာတို့တွင်ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ တို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
16-Jul-2019