The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား မူလတန်းပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ  ၉  ရက်

              လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ၀န်ထမ်းများ၏ သား/သမီးများအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မူလတန်းပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူ များအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်ဇနီး ဒေါ်လှလှမူ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်ဇနီး ဒေါ်သင်းသင်းမော်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာန အကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့်မိဘများ၊ ထူးချွန်ဆုရ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် သုတေသနလုပ်ငန်းများနှင့် ဆန်းသစ် တီထွင်မှုများကို အလေးထားကြိုးပမ်းပြီး ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးစနစ် ဖြစ်လာစေရန် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ ကို ရေးဆွဲပြီး နယ်ပယ် (၉) ရပ်နှင့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်း (၁၂) ရပ်တို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးတိုင်း မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာ သင်ကြားခွင့်ရရှိရေး၊ မည်သည့်တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူမရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း မသင်မနေရ အခမဲ့ ပညာသင်ကြားရေး၊ တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်တတ်ပြီး တီထွင် ဆန်းသစ်ဖန်တီးနိုင်စွမ်းရှိသော လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေး၊ တစ်သက်တာသင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေးတို့ကိုလည်း ဆောင်ရွက်နေပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းစဉ်၏ အဓိကအချက်သည် အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသောပညာရေးစနစ်သို့ ပြောင်းလဲရန်ဖြစ်ပါကြောင်း၊ အခြေခံပညာကဏ္ဍတွင် သူငယ်တန်းမှ (၁၂)တန်းပညာရေးစနစ်သို့ ပြောင်းလဲလျက်ရှိပြီး မူလတန်းပြီးသည့် ကလေးတိုင်းကို အလယ်တန်းနှင့်အထက်တန်းပညာများ ဆက်လက်သင်ယူစေလျက် သတ်မှတ်အရည်အချင်းအလိုက် ဘွဲ့/ဒီဂရီများရရှိစေပြီး ကျွမ်းကျင်အဆင့်အထိ တတ်မြောက်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဆောင်ပုဒ်ဖြစ်သည့် "မည်သည့်ခွဲခြားမှုမှမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘ ပြည်သူအားလုံးဝိုင်းဝန်းကူညီစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း “စရိတ်မျှကူ ပညာအလှူ” အဖြစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားနေကြသည့် မူလတန်းကျောင်းသား/ ကျောင်းသူ (၈၁၀၆) ဦး အတွက် တစ်ဦးလျှင် ပညာသင်ထောက်ပံ့ပစ္စည်း (ဗလာစာအုပ်၊ ခဲတံ၊ ပေတံ) တန်ဘိုး (၄၅၅၀/-) နှုန်းဖြင့် စုစုပေါင်းကျပ် (၃၆.၈၈) သန်းကို  ထောက်ပံ့ပေးခြင်းနှင့်အတူ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ (၈၈၈) ဦး ရှိခဲ့သည့်အနက် ခြောက်ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၉) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၁၈) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်     (၃၃) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၁၆) ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၁၉၉) ဦးတို့ကို ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အဖြစ် ဖွင့်လှစ်သည့်သင်တန်းများနှင့် အခြားကဏ္ဍများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်း (၈) ဦးကိုလည်း ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ တစ်ပါတည်း ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုနှင့်အတူ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုပညာသင်နှစ်အတွင်း နိုင်ငံခြားသင်တန်းအသီးသီးသို့ ၁၂၃ ဦးအားလည်းကောင်း၊ နိုင်ငံတကာ Workshop ၊ Seminar စသည့် အသိပညာဖလှယ်မှုလုပ်ငန်းများသို့ ၃၀၈ ဦးကို စေလွှတ်နိုင်ခဲ့သည့် အပြင် မိမိတို့ဝန်ကြီးဌာနအစီအစဉ်ဖြင့်လည်း ဝန်ကြီးဌာနဆိုင်ရာ ဘာသာရပ် သင်တန်းများအနေဖြင့် နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် အင်ဂျင်နီယာများ မွမ်းမံသင်တန်းကို ၅၉ ဦးဖြင့်လည်းကောင်း၊ ဘဏ္ဍာရေး/ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများ မွမ်းမံသင်တန်းကို ၉၀ ဦးဖြင့်လည်းကောင်း၊ မြန်မာ-နယူးဇီလန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာအစီအစဉ်အရ Grid Integration သင်တန်းကို ၂၇ ဦးဖြင့်လည်းကောင်း၊  Project Economics သင်တန်းကို ၂၈ ဦးဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ(စီမံ)များ မွမ်းမံသင်တန်းကို ၁၄၆ ဦးဖြင့်လည်းကောင်း ဖွင့်လှစ်ပို့ချပေး နိုင်ခဲ့သည့်အပြင် ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း (ပေါင်းလောင်း) တွင် ဦးစီးအရာရှိများ လုပ်ငန်းခွင်ဝင်အကြိုသင်တန်းကို ၅၀ ဦးဖြင့်လည်းကောင်း၊  ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းသုံးစွဲခြင်းသင်တန်းကို  ၂၀ ဦးဖြင့် လည်းကောင်း၊ ပစ္စည်းထိန်း (၁/၂) ကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ၂၀ ဦးဖြင့် လည်းကောင်း၊ စာရင်းကိုင် (၃/၄) လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို ၃၈ ဦးဖြင့် လည်းကောင်း အသီးသီးဖွင့်လှစ်နိုင်ခဲ့ကာ စုစုပေါင်း (၉၀၉) ဦးတို့အား သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါကြောင်း၊ ထူးချွန်ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ သည်လည်း ခိုင်မာသောယုံကြည်ချက်၊ ပြတ်သားသောဆုံးဖြတ်ချက်၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ကြသဖြင့် ယခုလို အောင်မြင်မှုအသီးအပွင့်များကို ရရှိခံစားရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ကြိုးစားခဲ့ခြင်း ကြောင့် မိမိ၏ဂုဏ်သိက္ခာသာမက မိဘ၊ ဆွေမျိုး ဂုဏ်၊ ဝန်ကြီးဌာန၏ဂုဏ်ကိုလည်း မြှင့်တင်ရာရောက်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ထက်မြက်စွာ အောင်မြင်ကြသည့် ကျောင်းသား/ကျောင်းသူများအနေနှင့် ဆရာ/မိဘအုပ်ထိန်းမှု အောက်တွင် စည်းကမ်းပြည့်ဝစွာနှင့် ပညာရည်မြင့်မားတိုးတက်အောင် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နိုင်ကြပြီး အနာဂတ်တွင် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် နိုင်ငံသားကောင်းများ ဖြစ်ကြစေလိုကြောင်း၊ ထူးချွန်ဝန်ထမ်း များအနေဖြင့်လည်း ကျရာတာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် ဝန်ထမ်းကောင်းအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး၏ဇနီး၊ ဒုတိယ ဝန်ကြီး၊ ဒုတိယဝန်ကြီး၏ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများက ဝန်ထမ်းသား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေး၊ ပညာရည်ချွန်ဆု များနှင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲများ၊ သင်တန်းနှင့် အခြားကဏ္ဍများတွင် ထူးချွန်ဆု ရရှိသူဝန်ထမ်းများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများကိုယ်စား (၆) ဘာသာဂုဏ်ထူးရှင် မောင်စွမ်းထက်သူရိန်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
09-Aug-2019