The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ ရွှေဘိုပင်မဓာတ်အားခွဲရုံစီမံကိန်းနှင့် ၂၃၀ကေဗွီ အုန်းတော ပင်မဓာတ်အားခွဲရုံတို့အား ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊    ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် စစ်ကိုင်း တိုင်းဒေသကြီး  လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းနှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင် အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၂၃၀ကေဗွီ ရွှေဘိုပင်မဓာတ်အားခွဲရုံ စီမံကိန်းနှင့် စစ်ကိုင်း မြို့နယ်ရှိ ၂၃၀ကေဗွီအုန်းတောပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

         ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ကေဗွီရွှေိဘိုပင်မဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်တွင် ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများ ဌာန၊ စီမံကိန်းညွှန်ကြားရေးမှူး(မြောက်ပိုင်း) ဦးမင်းနိုင်က ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းစီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များ အား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ထို့နောက် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးသန့်ထွန်းက တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေနှင့် ရွှေဘိုပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းစီမံကိန်းလုပ်ငန်းများ ပြီးစီးပါက ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီး အောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊  ဓာတ်အားခွဲရုံသုံးပစ္စည်းများ   အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ရွှေဘိုပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းစီမံကိန်းလုပ်ငန်းများ ပြီးစီးပါက ဓာတ်အားဖြန့်ဖြူး ပေးပို့ရာတွင် ဗို့အားများမြင့်တက်လာမည်ဖြစ်၍ ထရန်စဖော်မာများ၏ အဝင်အထွက် ဗို့အားများ ချိန်ညှိ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့် လိုအပ်ချက်များအား တိုင်းဒေသကြီးဝန်ကြီးနှင့် ပေါင်းစပ်ညှိနိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ တို့အား     လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         အဆိုပါ  ၂၃၀ကေဗွီ  ရွှေဘိုပင်မဓာတ်အားခွဲရုံနှင့်   ဓာတ်အားလိုင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ တာပိန်(၁) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှထွက်ရှိမည့် ဓာတ်အားများကို ၂၃၀ကေဗွီ ဗန်းမော်-နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်းမှ တဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ပြီးစစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းရှိ ဒေသများအား ဗို့အားပြည့်ဝစွာဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည့်အပြင် ရွှေဘိုမြို့၊ ခင်ဦးမြို့နှင့် ရေဦးမြို့များရှိ မြို့ပေါ်ရပ်ကွက်စုစုပေါင်း (၂၁) ရပ်ကွက်မှ မီးလင်းပြီး အိမ်ထောင်စု(၂၂၅၇၅)စုအားလည်းကောင်း၊ မီးလင်းပြီးကျေးရွာ (၂၁၆)ရွာရှိ အိမ်ထောင်စု (၂၉၈၂၈)စု အား လည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများနှင့် ဓာတ်အားရရှိရန်ကျန်ရှိသည့် ကျေးရွာများအား ဗို့အားပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

           ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ်ရှိလျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ကေဗွီ အုန်းတောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများနှင့် ၂၃၀/၃၃/ ၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် မဟာဓာတ်အားလိုင်းမှူး(အုန်းတော)မှ ဓာတ်အားလိုင်းများ ထိန်းသိမ်း ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တိုးချဲ့တည်ဆောက်မည့် ၂၃၀/၃၃/၁၁ကေဗွီ ၁၀၀အမ်ဗွီအေ ထရန်စဖော်မာအား တပ်ဆင်အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းစွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန်၊ ဓာတ်အားခွဲရုံရေရှည် တည်တံ့ရေးနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်း များ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံဝင်းအတွင်း ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
21-Sep-2019