The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Kyauk Phyu Electric Power Co.,Ltd တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၅ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Kyauk Phyu Electric Power Co.,Ltd တို့အကြား ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (PPA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာထွန်းနိုင်နှင့် ဉီးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Commercial Counsellor Mr. Tan Shu Fu ၊ Kyauk Phyu Electric Power Co.,Ltd မှ Mr. Sheng Yuming ၊ Mr. Jia Zhijie ၊ Supreme Group of Companies ၏ Chairman ဒေါက်တာစိန်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် တစ်နှစ်ထက်တစ်နှစ် တိုးတက် မြင့်မားလျက်ရှိရာ နှစ်စဉ် ၁၀၀၀ မဂ္ဂါဝပ်ခန့် တိုးတက်လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ရေရှည်အစီအမံအနေဖြင့် စုစုပေါင်း ၃၁၁၁ မဂ္ဂါဝပ် ဓာတ်အားထုတ်ပေးနိုင်မည့် စီမံကိန်း ၄ ခုအတွက် Notice to Proceed ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပေးခဲ့ပါကြောင်း၊ ယနေ့တွင် အဆိုပါစီမံကိန်း ၄ ခု၌ တစ်ခုအပါအဝင်ဖြစ်သော ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ဓာတ်အားဝယ်ယူရေး စာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခြင်း ဖြစ်ပါကြောင်း၊ ရေရှည်စီမံကိန်းများသည် ဓာတ်အား စတင်ထုတ်လုပ်ပေးနိုင်ရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်သောကြောင့် ၂၀၂၀ ခုနှစ်တွင် တိုးတက်လိုအပ်လာမည့် ဓာတ်အားလိုအပ်ချက်ကို အချိန်တို အတွင်း ဖြည့်ဆည်းပေးနိုင်ရန် ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်း (၇) ခုကို ရေတိုစီမံချက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၁ ခုနှစ်တွင် ထပ်မံလိုအပ်လာမည့် ဓာတ်အားလိုအပ်ချက် ၁၀၀၀ မဂ္ဂါဝပ်ခန့်ကို ဖြည့်ဆည်းပေးနိုင်ရန်ကိုလည်း ရေတို အစီအစဉ်ဖြင့် ဆက်လက်စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်မှစတင်ပြီး ရေရှည်စီမံကိန်းအနေဖြင့် Notice to Proceed ထုတ်ပေးထားခဲ့သော စီမံကိန်း ၄ ခုအနက် ယနေ့လက်မှတ်ရေးထိုးမည့် စီမံကိန်းမှ ၁၃၅ မဂ္ဂါဝပ်နှင့် ကျန်စီမံကိန်း ၂ ခုမှ ၈၂၆ မဂ္ဂါဝပ် စုစုပေါင်း ဓာတ်အားပမာဏ ၉၆၁ မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ် ဆက်လက်ဖြည့်ဆည်းပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နိုင်ငံတော်အတွက် အရေးကြီးသည့် Infrastructure စီမံကိန်းကြီးများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ပြီး ရေနံစိမ်းများကို တရုတ်နိုင်ငံ အထိ ရေနံပိုက်လိုင်းဖြင့် လည်းကောင်း၊ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံ ပြည်တွင်းလိုအပ်ချက်အတွက် နှင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့်လည်းကောင်း တင်ပို့လျက်ရှိပါကြောင်း၊ ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက် AD-1 ၊ AD-6 နှင့် AD-8 တို့တွင်လည်း တရုတ်နိုင်ငံကုမ္ပဏီ အပါအဝင် အခြားနိုင်ငံများနှင့် ဖက်စပ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်နိုင်ရေးအတွက် တိုင်းတာရေးနှင့် စူးစမ်းရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင်လည်း ရွှေလီ (၁) ၄၀၀ မဂ္ဂါဝပ်၊ ချီဖွေငယ် ၉၉ မဂ္ဂါဝပ်၊ သာကေတ CCGT ၁၀၆ မဂ္ဂါဝပ် စီမံကိန်းများမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာနမှ ဝန်ထမ်းများကို Capacity Building အနေဖြင့် တရုတ်နိုင်ငံတွင် ပါရဂူဘွဲ့၊ မဟာသင်တန်း၊ ဘွဲ့လွန်သင်တန်းများကို ပညာသင်ထောက်ပံ့မှုဖြင့် နှစ်စဉ် စေလွှတ်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Commercial Counsellor Mr. Tan Shu Fu ၊ Kyauk Phyu Electric Power Company Limited မှ Mr. Sheng Yuming နှင့် Supreme Group of Companies ၏ Chairman ဒေါက်တာ စိန်မြင့်တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
          ၎င်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဉီးသန်းနိုင်ဉီးနှင့် Kyauk Phyu Electric Power Co.,Ltd မှ Mr. Sheng Yuming တို့က ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်အား လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ် ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
          အဆိုပါ ဓာတ်အားပေးစက်ရုံသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူ မြို့နယ်၊ ကျောက်ဖြူ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံဝင်းအတွင်း၌ တည်ရှိပြီး Independent Power Producer (IPP) ၊ Build-Operate-Transfer (BOT) စနစ်ဖြင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Kyauk Phyu Electric Power Co.,Ltd မှ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါသည်။ ၎င်းဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ စုစုပေါင်း ၁၄၆ မဂ္ဂါဝပ်ဖြစ်ပြီး ထုတ်လုပ်နိုင်မည့်ဓာတ်အား ပမာဏမှာ ၁၃၅ မဂ္ဂါဝပ်ဖြစ်ကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း ၁,၀၀၅ ဖြစ်ပြီး ၎င်းစီမံကိန်း ပြီးမြောက်သွားပါက ရခိုင်ပြည်နယ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်သို့လည်း ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
05-Nov-2019