၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၂၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဖူးကြီးပိုက်လိုင်း အခြေစိုက်စခန်းနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်းသို့ရောက်ရှိရာ အင်ဂျင်နီယာချုပ် (ပိုက်လိုင်း)က နိုင်ငံအတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တည်ဆောက် ထားသော ပိုက်လိုင်းကွန်ယက်အခြေအနေနှင့် ဖူးကြီးပိုက်လိုင်းကြီးကြပ်ရေး အင်ဂျင်နီယာက ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်းမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ပိုက်လိုင်းစီမံကိန်းများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် ပိုက်လိုင်းစီမံကိန်းများနှင့် လူမှုရေးတာဝန်သိမှု(CSR) လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေ တို့အား ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် နိုင်ငံအတွက်အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်သည့်အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့များပိုမိုတိုးတက် ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊သဘာဝဓာတ်ငွေ့များစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရန် ပိုက်လိုင်းများကြံ့ခိုင်ကောင်းမွန်ရေးသည် အထူးအရေးကြီးသည့်အတွက် ပိုက်လိုင်းများအား ပုံမှန်စစ်ဆေးဆောင်ရွက်သွားရန်နှင့် ချို့ယွင်းချက်များ၊ အားနည်းချက်များ ဖြစ်ပေါ်လာပါက အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ချို့ယွင်းမှုများဖြစ်ပေါ် လာပါက အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် လူနှင့် ပစ္စည်းများ အမြဲအဆင်သင့် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်းဆောင်ရွက်နေသည့် ဝန်ထမ်းများအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းအတွက် Safety Trainning များပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအတွက် ပညာရေး၊ကျန်းမာရေး၊ လူမှုရေး၊ စသည်တို့ကို ဌာနအကြီးအမှူးများမှ တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း မှာကြားခဲ့ပါသည်။
ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာအနီးတွင်တည်ရှိပြီး ယခင်က မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့် ထောက်ရှာပင် ရေနံမြေများမှထွက်ရှိသော ရေနံစိမ်းများကို သန်လျင်ရေနံချက်စက်ရုံသို့ ပိုက်လိုင်းဖြင့် ပို့လွှတ်ရာတွင် ကြားစခန်းအဖြစ်ဆောင်ရွက်ခြင်းနှင့် ပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အောက်မြန်မာပြည် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အဓိကဆောင်ရွက်သော အခြေစိုက်စခန်းဖြစ်ပါသည်။
အဆိုပါအခြေစိုက်စခန်း၏ ကြီးကြပ်မှုအောက်တွင် ရွှေပြည်သာစခန်း (ရန်ကုန်)၊ ဒေးဒရဲစခန်း၊ သနပ္ပင်စခန်း၊ မော်လမြိုင်စခန်း၊ သံဖြူဇရပ်စခန်းနှင့် ရေးစခန်းများ ရှိပြီး ၂၀ လက်မ ကံပေါက်-မြိုင်ကလေး-ရန်ကုန်ပိုက်လိုင်း (၃၃၁) မိုင်နှင့် ၂၄ လက်မ ဒေါ်ငြိမ်း-ရွာမပိုက်လိုင်း (၈၆) မိုင်အပါအဝင် စုစုပေါင်း (၉၈၁) မိုင် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၊ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) သို့ ရောက်ရှိရာ စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံမှူးက ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်မှုအခြေအနေ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စက်ရုံ၏ ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မားရေး၊ အသုံးပြုနေသည့်စက်ပစ္စည်းအစိတ်အပိုင်းများအား ယခုထက်ပိုမို ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် ဂရုတစိုက်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ နိုင်ငံတော်၏ ဓာတ်မြေသြဇာလိုအပ်ချက်ကို ယခုထက်ပိုမိုဖြည့်ဆည်းနိုင်ရေးနှင့် အရည်အသွေးပြည့်၀သည့် ဓာတ်မြေသြဇာများ စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးရန်၊ စီးပွားရေးအရတွက်ခြေကိုက်ပြီး အောင်မြင်သည့်စက်ရုံတစ်ရုံဖြစ်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး အားလုံးဝိုင်း၀န်းကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး စက်ရုံအတွင်းရှိ Central Control Room တွင် Distributed Control System (DCS) စနစ်ဖြင့် ထိန်းချုပ် လည်ပတ်နေမှု၊ ယူရီးယားဖြန့်ဖြူးရေးဌာနတွင် ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ) သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင်တည်ရှိကာ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ပြီး အဖျောက်နှင့် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ တစ်နေ့လျှင် ယူရီးယားဓာတ်မြေသြဇာ (၃၅၀ မှ ၄၀၀) တန်ခန့်ထုတ်လုပ်၍ တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယခုအခါ အဆိုပါစက်ရုံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော ယူရီးယားဓာတ်မြေသြဇာများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါသည်။