၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အဆိုပါသဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Zeya & Associates Co.,Ltd. နှင့် V-power Myanmar တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီစွာ ဖြည့်ဆည်းပေးနိုင်ရန် ရေတို/ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး (၅၀) ရာခိုင်နှုန်းကို နိုင်ငံတော်၏ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဝန်ကြီးဌာနအတွက် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရန် ဆက်လက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရာတွင် Reliable and Affordable Power ဖြစ်ရန်အတွက် အရင်းအမြစ်မျိုးစုံပါဝင်သည့် Proper Generation Mix ဖြစ်ရန်အဓိကကျပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ Generation Mix သည် ရေစွမ်းအင်၊ အပူစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့သာမက ပြည်ပမှတင်သွင်းမည့် Liquefied Natural Gas (LNG) ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများဖြင့် လျှပ်စစ်ဓာတ်အားကို တိုးမြှင့် ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဓာတ်အားပေးစက်ရုံများ တည်ဆောက် သွားရုံသာမက မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို နိုင်ငံတော်ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်၊ ပြည်ပချေးငွေ/ထောက်ပံ့ငွေများနှင့် ဟန်ချက်ညီညီ တိုးချဲ့ တည်ဆောက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၏ ပြီးခဲ့သောနွေရာသီတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ အများဆုံး (၃၉၈၀) မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၀ နွေရာသီတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားလိုအပ်ချက်သည် အမြင့်ဆုံး (၅၀၀၀) မဂ္ဂါဝပ်ခန့်ရှိမည်ဖြစ်၍ ထပ်မံလိုအပ်မည့် (၁၀၀၀) မဂ္ဂါဝပ်ကျော်ကို ထပ်မံဖြည့်ဆည်းပေးနိုင်ရေး အတွက် ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံကိန်းအသစ် (၇) ခုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၎င်းစီမံကိန်းများမှာ မကွေး ၆၆ မဂ္ဂါဝပ်၊ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ်၊ သာကေတ ၄၀၀ မဂ္ဂါဝပ်၊ သီလဝါ ၃၅၀ မဂ္ဂါဝပ်၊ ကျွန်းချောင်း ၂၀.၅ မဂ္ဂါဝပ်၊ အလုံ ၁၅၁.၅ မဂ္ဂါဝပ်နှင့် ရွှေတောင် ၂၈ မဂ္ဂါဝပ်တို့ဖြစ်ပြီး၊ အဆိုပါ စီမံကိန်း (၇) ခုမှ စုစုပေါင်း စက်တပ်ဆင်အင်အား (၁၁၆၆) မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး၊ ယခု မကွေး (၆၆) မဂ္ဂါဝပ် စီမံကိန်းသည် ပထမဆုံးဖွင့်လှစ်သည့် စီမံကိန်းဖြစ်ပါကြောင်း၊ မကွေး (၆၆) မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ရွှေကမ်းလွန်မှ သဘာဝဓာတ်ငွေ့ တစ်ရက်ကုဗပေ ၁၅ သန်းကို အသုံးပြု၍ ဓာတ်အားထုတ်လုပ်မောင်းနှင် သွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးနောက် ဓာတ်အားပေးစက်ရုံကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်၍ စီးပွားဖြစ်ဓာတ်အားထုတ်လုပ်မောင်းနှင်ခဲ့ပြီး၊ အဆိုပါစက်ရုံမှ ဓာတ်အားများကို ယခုရောက်ရှိနေသော ဓာတ်အားခွဲရုံမှတစ်ဆင့် မကွေးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ ပြည့်ပြည့်ဝဝအသုံးပြုကြရမည်ဖြစ်ပါကြောင်း၊ ပိုလျှံပါက ဓာတ်အား စနစ်အတွင်းသို့ အလိုအလျောက် စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အားအသုံးပြုသော ပြည်သူများမှာလည်း အကျိုးမျှဝေခံစားရမည်ဖြစ်သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် စက်ရုံဖြစ်ပါကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များကိုအခြေခံ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် နေသည့် မုန်းနှင့် ကြီးအုံကြီးဝရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး စက်ရုံ နှင့် ယခုဖွင့်လှစ်သည့် မကွေး ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေး စက်ရုံတို့မှ စုစုပေါင်းတပ်ဆင်အင်အား ၂၅၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်း ဒေသကြီးအနေဖြင့် လက်ရှိ ၁၀၀ မဂ္ဂါဝပ်ခန့်သာ အသုံးပြုလျက်ရှိသည့်အတွက် ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်သည့်အပြင် ပိုလျှံသည့်လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အား စနစ်သို့ စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လျှပ်စစ် ဓာတ်အားသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါသည့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများလည်း မြင့်တက် လာမည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပြည်သူတစ်ရပ်လုံးက အတူတကွ ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အား လိုင်းများ ရေရှည်တည်တံ့ခိုင်မြဲနေစေရေး မိဘပြည်သူများမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက် ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က မကွေးမြို့ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ VPower Myanmar မှ Co. Chief Executive Officer Mr. Rorce Au-Yeung နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးတို့မှ ဓာတ်အားပေးစက်ရုံ ဖွင့်လှစ် နိုင်ခြင်းအတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး၊ VPower Myanmar မှ ဓာတ်အားပေးစက်ရုံ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့်မှတ်တမ်းဗွီဒီယိုအား ပြသခဲ့ပါသည်။
၎င်းနောက် မကွေးမြို့ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ Zeya & Associates Co.,Ltd. မှ Chairman ဦးဇေယျသူရမွန်နှင့် V-power Myanmar မှ Co. Chief Executive Officer Mr. Rorce Au-Yeung တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။
ထို့နောက် မကွေးမြို့ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဓာတ်အားပေးစက်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက စက်ခလုတ်နှိပ်၍ မောင်းနှင်ပေးခဲ့ပြီး ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။