နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Advance Power Conversion Co., Ltd. မှ CEO ဖြစ်သူ Mr. Sutee Chuichay ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ ၁၂:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ Advance Power Conversion Co., Ltd. မှ ရန်ကုန်မြို့၊ ထားဝယ်ချောင် စွန့်ပစ်အမှိုက်များကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်မည့် စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည့်ကိစ္စရပ်များ၊ စီမံကိန်း ဖြစ်မြောက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် Advance Power Conversion Co., Ltd. နှင့် PSP Group of Companies တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။