The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး စီမံဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး

စီမံဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (   ၁၆   ) ရက်

 

          တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရေး စီမံဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/ လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကား ပြောကြားရာတွင်        လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုဆိုင်ရာ Supply Chain အပိုင်းနှင့် ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများအား အချိန်အခါသတ်မှတ်၍ ဆောင်ရွက်ရန်လိုကြောင်း၊ သက်ဆိုင်ရာ ဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကြိုတင်သုံးသပ်၍ ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ် ကာလအား အရေးကြီးအချိန်ကာလအနေဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအကြိုကာလအတွက် ကြိုတင်ပြင်ဆင်နေသည့်အချိန်မှစ၍ အသေးစိတ်စီမံ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ways of thinking and ways of approaching ဖြင့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ အဖွဲ့အစည်းများ၊ Stakeholder များနှင့် ပူးပေါင်းညှိနှိုင်း၍ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက် စေရေး အသေးစိတ်စီမံ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများမှ ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဖြေဆိုနေသည့်ကာလမတိုင်မီကာလများတွင်လည်း စာကျက်ချိန် များ၌ နံနက်အစောပိုင်းအချိန်များတွင်လည်း ဂရုစိုက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စာစစ်ဌာန နေရာများအလိုက် ဆောင်ရွက်ထားရှိမှု၊ တာဝန်ချထားမှုများကိုလည်း ကြိုတင်ဇာတ်တိုက်လေ့ကျင့် ထားရန်လိုအပ်ကြောင်း၊ မိမိတို့၏ ဆောင်ရွက်ထားမှုအခြေအနေများကိုလည်း သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ် ဝန်ကြီးများထံ ရှင်းလင်းတင်ပြထားရန်လိုအပ်ကြောင်း၊ စက်မှုဇုန်များကိုလည်း ကြိုတင်ညှိနှိုင်းပြောဆိုထားရန်လိုအပ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
16-Feb-2018