The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း

မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက်

ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ မတ်လ ( ၉ ) ရက်

 

မြန်မာ - တရုတ် - ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက်  ၂၀၁၈ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် မတ်လ ၉ ရက်နေ့ ဝန်ကြီးအဆင့် အစည်းအဝေးတို့ကို နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration - NEA) ၏ Vice Administrator ဖြစ်သူ H.E. Mr. Li Fanrong၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ လျှပ်စစ်စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Tawfiq-e-ElahiChowdhury BB နှင့် စွမ်းအင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီး များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံနှင့် မြန်မာ-တရုတ် ၂ နိုင်ငံတို့ အကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားစပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုဆွေးနွေးရာ ၃ နိုင်ငံမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group) ကိုဖွဲ့စည်း၍ လုပ်ငန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်း (Feasibility Study) ကို ဆက်လက်ဆောင်ရွက်သွားရန် ဆွေးနွေးသဘောတူခဲ့ ကြပါသည်။

          ထို့နောက် သဘောတူညီချက်စာချုပ်များကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (NEA) ၏ Vice Administrator ဖြစ်သူ H.E. Mr. Li Fanrong နှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ လျှပ်စစ်စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Tawfiq-e-Elahi Chowdhury BB တို့က လက်မှတ်ရေးထိုးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း ၃ နိုင်ငံတို့အကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ခြင်း ဖြင့် စွမ်းအင်ဖူလုံရေး၊ လျှပ်စစ်စွမ်းအင်အရင်းအမြစ်များကိုမျှဝေသုံးစွဲရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဆိုင်ရာများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးပေးနိုင်ရေးတို့တွင် တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရုံသာမက မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း ၃ နိုင်ငံတို့အကြား ကာလကြာရှည် ရင်းနှီးချစ်ခင်မှုကို ပိုမိုခိုင်မြဲစေခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အပြင် အခြားသောအကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-Mar-2018