နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ဧပြီလ( ၂၈)ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်ဦးတင်မောင်ဦး၊ ဌာနအကြီးအကဲများနှင့် တာဝန် ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၈ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှု အောက်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ရောက်ရှိရာ စက်ရုံဧည့်ရိပ်သာ၌ Parami Energy Services Co., Ltd. မှတာဝန်ရှိသူများမှ ပြည်ပမှ ရေနံဓာတ်ငွေ့ရည်ကို တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် Filling Station အဆင့် မြှင့်တင်မှု၊ Roller များတပ်ဆင်ထားမှု၊ ရေနံဓာတ်ငွေ့ရည်ပိုက်လိုင်းများ Modification ဆောင်ရွက်ထားမှု၊ Filling Station အသစ်တည်ဆောက်ခြင်းနှင့် Filling Mechines အသစ်များတပ်ဆင်၍ ထုတ်လုပ်မှုတိုးမြှင့်ရန်စီစဉ်ထားမှု၊ Cylinder အိုးအသစ်များ ထပ်မံ ဝယ်ယူဖြည့်တင်း၍ ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်နေမှု၊ မီးသတ် ရေပိုက်လိုင်းများတတ်ဆင်ထားမှုနှင့် စျေးကွက်စီးပွားရှုထောင့်ဆိုင်ရာအခြေအနေများအား တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။
ထို့နောက် စက်ရုံသင်တန်းခန်းမတွင် စက်ရုံမှူးမှ စက်ရုံသမိုင်းကြောင်းနှင့် စက်ရုံ ကုန်ထုတ်လုပ်မှု အခြေအနေ၊ လုံခြုံရေးနှင့် မီးဘေးအန္တရယ်ကင်းရှင်းစေရေး ဆောင်ရွက်ထားမှု၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်နှင့် သိုလှောင်နိုင်မည့်အခြေအနေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ အရှုံးအမြတ်အခြေအနေ၊ နိုင်ငံခြားချေးငွေပေးချေမှုအခြေအနေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ်၊ ဓာတ်ဆီ၊ ဒီဇယ်၊ လေယဉ်ဆီ၊ စက်ဆီ၊ ချောဆီ၊ သဘာဝဓာတ်ငွေ့၊ ရေနံစိမ်း၊ လေဆီ၊ရေနမူနာ၊ ပြုပြင်ပြီး ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် စသည်တို့အား ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ခဲ့မှု အခြေအနေတို့အားရှင်းလင်းတင်ပြပြီး၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ဒုတိယဝန်ကြီးတို့မှ ဖြည့်စွတ်ရှင်းလင်တင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးမှ အနာဂတ်ကာလတွင် စီးပွားရေးတွက်ချေကိုက်ပြီး အဆင့်မြှင့် ရေနံထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အဆင့်မြင့်ရေနံ ဓာတုဗေဒစက်ရုံ လုပ်ငန်းများဆောင်ရွက်နေသော နိုင်ငံတကာကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍ စျေးကွက် လိုအပ်ချက်အားအပြည့်အဝဖြည့်ဆည်းနိုင်မည့် အဆင့်မြင့်ထွက်ကုန်များ ထုတ်လုပ်မည့် အစီအမံ များအတွက် ကြိုတင်လေ့လာသုံးသပ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ၏ကျွမ်းကျင်မှု မြင့်မားရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ နိုင်ငံတော်ပိုင် စက်ရုံပစ္စည်းများ အလေအလွင့်မရှိစေရေး စနစ်တကျထိန်းသိမ်းမှုများအား အထူးအလေးထား ဆောင်ရွက်ရန်၊ စက်ရုံကုန်ထုတ်လုပ်မှု ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရန်နှင့် အနာဂတ်တွင် စီးပွားရေးတွက်ခြေကိုက်သည့်ကုန်ထုတ်လုပ်မှုများဖြင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရေးအထိ ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား၍ စက်ရုံအတွင်းနှင့် Parami Energy Services Co., Ltd. မှတာဝန်ယူဆောင်ရွက်လျှက်ရှိသည့်စီမံကိန်းလုပ်ငန်းခွင်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Elite Petrochemical Co., Ltd. မှ သီလဝါဆိပ်ကမ်းဒေသ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏မြေကွက်အမှတ်၊ ၁၅/၁၆ (A/B) ရှိရေနံဓာတ်ငွေ့ရည်စီမံကိန်းသို့ရောက်ရှိ၍ အစည်းအဝေးခန်းမတွင် စီမံကိန်း၏ ပထမအဆင့် ဆောင်ရွက်လျက်ရှိသည့် ရေနံဓာတ်ငွေ့ရည် တန်ချိန် ၃,၀၀၀ သိုလှောင်နိုင်သော သိုလှောင်ကန်များနှင့် တန်ချိန် ၂၀,၀၀၀ ဆိုက်ကပ်နိုင်သော LPG နှင့် စက်သုံးဆီတင်/ချ ဆိပ်ခံတံတား တည်ဆောက်ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဆွေးနွေးမှာကြား၍ ရေနံ ဓာတ်ငွေ့ရည်တင်ချ ဆိပ်ကမ်းတံတားနှင့် သိုလှောင်ကန်များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယအဆင့် စီမံကိန်းအဖြစ် စုစုပေါင်း ရေနံဓာတ်ငွေ့ရည် တန်ချိန် ၂၅,၀၀၀ တန်ဆံ့ သိုလှောင်ကန်များ ထပ်မံတည်ဆောက်သွားမည်ဖြစ်ပြီး၊ လက်ရှိပြီးစီးနေပြီးဖြစ်သော ရေနံ ဓာတ်ငွေ့ရည် သိုလှောင်ကန်များအတွက် လိုအပ်သည့် စမ်းသပ်မှုများဆောင်ရွက်ရန် ၈-၄-၂၀၁၈ ရက်နေ့တွင် Elite Petrochemical Co.,Ltd မှ တန် ၂,၀၀၀ ဆံ့ ရေနံဓာတ်ငွေ့ရည်သင်္ဘောအား တင်သွင်း၍ စမ်းသပ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။