The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

 

၂၀၁၈ ခုနှစ်၊ မေလ   (  ၁၇  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စွမ်းအင်ကဏ္ဍ ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည် စက်ရုံမှ စက်ရုံမှူးများ၊ သိုလှောင်ဖြန့်ဖြူးရေးဌာန အထွေထွေမန်နေဂျာများ၊ တိုင်းရောင်းဝယ်ရေး အရာရှိများနှင့် ဌာနခွဲမန်နေဂျာများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဘတ်ဂျက်ကာလကို ပြောင်းလဲ ကျင့်သုံးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်သည့် ကတိသစ္စာပြုပွဲအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားတိုးတက်ရေး၊ အဂတိလိုက်စားမှု ပိုမိုတိုက်ဖျက်ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရေး စသည့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများကို လမ်းညွှန်ခဲ့ပါကြောင်း၊ အဆိုပါလမ်းညွှန်မှုများနှင့် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ဖော်ပြပါရှိသည့် ဆောင်ရွက်မည့်အချက်များမှ မိမိတို့နှင့် မည်သည့်အခန်းကဏ္ဍက သက်ဆိုင် သည်ကို လေ့လာသုံးသပ်ပြီး တစ်ဦးချင်း သတ်မှတ်ထားသည့်ရာထူးအလိုက် တာဝန်သိသိ သစ္စာရှိရှိဖြင့် စေတနာထားပြီး ဝန်ကြီးဌာနမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကာလလတ်အနေဖြင့် နောင် (၃) နှစ်အတွင်း မဂ္ဂါဝပ် ၃၀၀၀ ရရှိရေးကို LNG စီမံကိန်း ၃ ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေနံနှင့််သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် Geological Forum ကို ပြည်တွင်း/ပြည်ပ ပညာရှင်များ ဖိတ်ကြားကျင်းပခဲ့ ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ မြေအသစ်များ ရှာဖွေနိုင်ရန် New Concept, New Technology ဖြင့် New Discovery ရရှိရေး၊ Innovative နည်းပညာ၊ Creative နည်းလမ်းနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများနှင့် အခြားစက်ရုံများအတွက် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ဖူလုံစေရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းစျေးကွက်တစ်ခုတည်းကိုမကြည့်ဘဲ နိုင်ငံတကာ သို့ တင်ပို့နိုင်ရေးအထိ အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ကျေးရွာ များအရောက် တစ်နိုင်ငံလုံး LPG ကို စျေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ LPG ကို သယ်ယူပို့ဆောင်ရေးကဏ္ဍ၌လည်း အသုံးပြု နိုင်ရေး မြှင့်တင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ပထဝီဝင်အနေအထား အရေးပါမှု ကို ထိထိရောက်ရောက်အသုံးချ၍ အိမ်နီးချင်းနိုင်ငံများသို့ ရေနံထွက်ပစ္စည်းများ တင်ပို့ နိုင်ရေး စီမံဆောင်ရွက်သွားရန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူမှု/ တာဝန်ခံမှု စုပေါင်းအားတို့ဖြင့် ညီညွတ်စွာဆောင်ရွက်သွားရန်၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် Public, Private, Partnership (PPP) / Joint Venture (JV) / Build Operate Transfer (BOT) စနစ်များဖြင့် တိုင်းပြည်အကျိုးရှိစေရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မျှော်မှန်းရလဒ်များကို အချိန်ကိုက် ရရှိရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် မပါမဖြစ် အခြေခံကျသည့်အတွက် တစ်ဦးချင်း၊ ဌာနအလိုက် တာဝန်ကိုယ်စီ ကျေပွန်ခြင်း အားဖြင့် ဌာန/နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးအောင် စုပေါင်းအားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း နှင့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတို့၏ တာဝန်ရှိသူများမှ ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေး မှာကြားခဲ့ပါသည်။

          ထို့နောက် တင်ပြမှုများအပေါ် ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်မှ ဖြည့်စွက်ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ သုံးသပ် ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

          ၎င်းနောက်  ပြည်ထောင်စုဝန်ကြီးက မြန်အောင်ရေနံမြေ၊ တွင်းအမှတ် (၁၇၂) ကို တစ်နေ့လျှင် ရေနံစိမ်း(၁၀၁) စည်ရရှိအောင် အောင်မြင်စွာတူးဖော်ထုတ်လုပ်နိုင်ခြင်းအတွက် တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ  ပေးအပ်ချီးမြှင့်ခဲ့ပါသည်။  

Post under by : ဝန်ကြီးရုံး
18-May-2018