The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများသို့ ကြည့်ရှု့စစ်ဆေးသည့်သတင်း

 

   

 ၂၀၁၈ ခုနှစ်၊ မေလ (၂၆)

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ ၁၃၂/၆၆/၁၁ ကေ​ဗွီ ခွဲရုံသို့ ရောက်ရှိရာ ခွဲရုံရှိ တာဝန်ရှိသူများမှ လျှပ်စစ်ဓာတ်အားများ လက်ခံ/ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ အသုံးချနိုင်ရေး၊ ဗို့အားစနစ် တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေး၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါ မြင်းခြံခွဲရုံမှာ တောင်သာ၊ မလှိုင်၊ နွားထိုးကြီး၊ ငါန်းဇွန်၊ မြို့သာ၊ မြင်းခြံ၊ ညောင်ဦး၊ ပုဂံ၊ မြောင်မြို့နယ်များနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများ၊ မြစ်ရေတင်များ၊ စက်မှုဇုန်များနှင့် စက်ရုံများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

            ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ မြင်းခြံခရိုင်၊ငါန်းဇွန်မြို့ရှိ ကျောက်တစ်လုံး လျှပ်စစ်မြစ်ရေတင် လုပ်ငန်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ သူကောင်းတည် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ ကျောက်ကူးလျှပ်စစ် မြစ်ရေတင်လုပ်ငန်းနှင့် လောကနန္ဒာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများသို့ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ မြစ်ရေတင်လုပ်ငန်းများတွင် အသုံးပြုထားသော ၆၆ / ၁၁ ကေဗွီ ထရန်စဖော်မာများ ဗို့အားကျဆင်းနေမှုကို ပြန်လည်မြှင့်တင်နိုင်ရန် ဆောင်ရွက် သင့်သည့် ကိစ္စများကို ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ပါသည်။

            ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးခရိုင်အတွင်းရှိ ၆၆/၁၁ ကေဗွီ သစ်ထောင့်ခွဲရုံ၊ မြို့မခွဲရုံ၊ ဝက်ကြီးအင်းခွဲရုံနှင့် ပုဂံခွဲရုံများသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုအနည်းဆုံး ဖြစ်စေရန်၊ ဗို့အားကျဆင်းမှုမဖြစ်ပေါ်စေရန် ဂရုပြုဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ၁၃၂/၆၆/၁၁ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ခွဲရုံတာဝန်ရှိသူများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေ အနေ၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ တိုးချဲ့ တပ်ဆင်မည့် ၁၃၂/၆၆/၁၁ ကေဗွီ (၁၈)အမ်ဗွီအေ ထရန်စဖော်မာအား တပ်ဆင်အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။အဆိုပါ ၁၃၂/၆၆/၁၁ ကေဗွီ (၁၈)အမ်ဗွီအေ ထရန်စဖော်မာတပ်ဆင်ပြီးပါက မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
26-May-2018