The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်မကွေးတိုင်းဒေသကြီးအတွင်းရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး) ၊ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) နှင့် မကွေးပင်မဓာတ်အားခွဲရုံတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း

     

     ၂၀၁၈ ခုနှစ်၊  မေလ  (  ၂၇  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)သို့ ရောက်ရှိရာ စက်ရုံ အစည်းအဝေး ခန်းမတွင် စက်ရုံမှူးမှ ဘဏ္ဍာရေးနှစ်အလိုက် ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များအား ရှင်းလင်းတင်ပြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံအား စီးပွားရေး တွက်ခြေကိုက် သည့် စက်ရုံတစ်ရုံအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အတတ်ပညာ၊ အတွေ့အကြုံများဖြင့်စုပေါင်းကာ  ဝိုင်းဝန်းကြိုးပမ်း၍  ပြည်သူ့ ဝန်ထမ်းကောင်းများပီသစွာ ကြိုးစားဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံဓာတ်ငွေ့ရည် (LPG) အား ကျေးလက်ဒေသနေ ပြည်သူများအထိ ကျယ်ကျယ်ပြန်ပြန့် သုံးစွဲနိုင်ရေးနှင့် မီးဖိုချောင်သုံး အခန်းကဏ္ဍအပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍကိုပါ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါသည်။  

          နေ့လယ်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းလှမြို့နယ်ရှိ ရေနံဓာတုဗေဒ စက်ရုံစု (သံပရာကန်) သို့ ရောက်ရှိပြီး  အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် နိုင်ငံတော်၏ မဟာဗျူဟာကျသောအခန်းကဏ္ဍမှ ပါဝင် နေကြောင်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အရှုံးပေါ်နေသောစက်ရုံများအား အမြတ်အစွန်းရရှိသည့် ဈေးကွက်ဝင် အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက် သွားရန်နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့ရရှိထားသော အတွေ့အကြုံ၊ ဗဟုသုတ၊ ပညာရပ် များနှင့် ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန်၊ ထုတ်လုပ်မှုနည်းစဉ်အရ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ အလေအလွင့် မရှိစေရေး၊ ပြည်သူလူထုအကျိုးအတွက်  စေတနာထား၍ အနစ်နာခံပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးထားမှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

          အဆိုပါစက်ရုံအနေဖြင့် ယခုအခါ အဆင့်မြင့်ဓာတ်ဆီ (92 RON) အား ထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန မကွေးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Switchyard အတွင်း  ထရန်စဖော်မာ အစားထိုးတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ် ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့် အခြေအနေတို့မှ ကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
27-May-2018