The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ(ပုပ္ပါး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

 

နေပြည်တော်၊ မေလ     ၂၇       ရက်

 

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန၏ သဘာဝပိုဇိုလန်ထုတ်လုပ်ရေး စက်ရုံ(ပုပ္ပါး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

        စက်ရုံ၏ အစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ သဘာဝပိုဇိုလန်စက်ရုံ တည်ဆောက် ရခြင်း ရည်ရွယ်ချက်မှာ ပြည်တွင်းတွင်တည်ဆောက်မည့် ကွန်ကရစ်ရေလှောင်တမံများ၊ Roller Compacted Concrete (RCC) Dam များတွင် ဘိလပ်မြေနှင့် ရောစပ် အသုံးပြုနိုင်ရန် တည်ဆောက်ထားပါကြောင်းနှင့် စက်ရုံ၏ကုန်ထုတ်လုပ်မှုများနှင့် ဖြန့်ဖြူးပေးနေမှု များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ စက်ရုံဝန်ထမ်းများအနေဖြင့် ရေအားလျှပ်စစ် စီမံကိန်းများမှ ပိုဇိုလန်ကုန်ချော လိုအပ်သည့်အချိန်တွင် အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်ကြံ့ခိုင်ရေး၊ ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ကြိုတင် ဆောင်ရွက်ထားကြရန်နှင့် အခြားဌာနများမှ လိုအပ်ချက်ရှိလာပါက သင့်တင့်မျှတသော စျေးနှုန်းစံသတ်မှတ်ရောင်းချ နိုင်ရေးစီမံဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

        ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံ၏ ကုန်ကြမ်း ကြိတ်ခွဲရာနေရာ၊ စက်ထိန်းချုပ်ခန်းနှင့် ကုန်ကြမ်းရယူရာနေရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

        သဘာဝပိုဇိုလန်ကို မန္တလေးတိုင်းဒေသကြီး၊ ပုပ္ပါးဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်ဒေသများတွင် စူးစမ်းလေ့လာတိုင်းတာတွေ့ရှိခဲ့ပြီးနောက် လိုအပ်သည့်ဂုဏ်သတ္တိ များနှင့် ပြည့်စုံသော ပုပ္ပါးဒေသမှ ဦးစားပေးထုတ်လုပ်ရန် စီမံဆောင်ရွက်ခဲ့ပါသည်။

        ရဲရွာနှင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံများ၏ RCC ကွန်ကရစ် ရေလှောင်တမံများတွင် အဆိုပါ သဘာဝပိုဇိုလန်ကို အသုံးပြုတည်ဆောက်ထားခြင်းဖြစ် ပါသည်။ သဘာဝပိုဇိုလန်ကို ဘိလပ်မြေနှင့်ရော၍ RCC Dam များ၊ သံချောင်းပုံစံ ဆင်ခြင်းဖြင့် ဆောက်လုပ် ရခြင်းမဟုတ်သည့် တစ်ထပ်အဆောက်အဦများတွင် အသုံးပြုနိုင် သလို လမ်း၊ အုတ်တံတိုင်း နှင့် ရေကန်စသည့် အခြေခံလူမှုအဆောက်အဦများတွင်လည်း အသုံးပြုတည်ဆောက်နိုင်ပြီး ကုန်ကျစရိတ် သက်သာခြင်း၊ တည်ဆောက်ချိန်ကာလ တိုတောင်းခြင်း စသည့်အကျိုးကျေးဇူး များ ရရှိစေမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
28-May-2018