The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊အင်ဂျင်နီယာများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏အင်ဂျင်နီယာများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို၂၀၁၈ခုနှစ်၊မေလ၂၈ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်တွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဗဟိုသင်တန်းကျောင်း (နေပြည်တော်) ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊အမြဲတမ်းအတွင်းဝန်ဦးတင်မောင်ဦး၊ဦးစီးဌာန၊လုပ်ငန်း၊ကော်ပိုရေးရှင်းများမှဥက္ကဋ္ဌများ၊ညွှန်ကြားရေးမှူးချုပ်များနှင့်ဦးဆောင်ညွှန်ကြားရေးမှူးများ၊ဌာနအကြီးအကဲများ၊သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများတက်ရောက်ကြပါသည်။

        ရှေးဦးစွာပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင်မိမိတို့ဝန်ကြီးဌာနအနေဖြင့်ဝန်ထမ်းများ၏အရည်အချင်းတိုးတက်မြင့်မားစေရန်ဘက်ပေါင်းစုံမှဆောင်ရွက်လျက်ရှိရာတွင်နိုင်ငံခြားသို့ပညာသင်စေလွှတ်ခြင်း၊နိုင်ငံတကာနည်းပညာဆွေးနွေးပွဲများ၊အလုပ်ရုံဆွေးနွေးပွဲများ၊ပညာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲများသို့တက်ရောက်စေခြင်းများအပြင်ပြည်တွင်း၌လည်းအလုပ်ရုံဆွေးနွေးပွဲများ၊စာတမ်းဖတ်ပွဲများ၊အရည်အသွေးမြှင့်မွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်း၊အခြားဌာနများမှပို့ချသည့်သင်တန်းများသို့တက်ရောက်သင်ကြားစေခြင်းဖြင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုစဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ယခုအင်ဂျင်နီယာမွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာနိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အရည်အချင်းပြည့်ဝသည့်မျိုးဆက်သစ်အင်ဂျင်နီယာများပေါ်ထွက်လာစေရန်နှင့်ဓာတ်အားပေးစက်ရုံ၊ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ၊တည်ဆောက်ရေးလုပ်ငန်းနှင့်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့တွင်အရည်အချင်းပြည့်ဝပြီးကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊

          နိုင်ငံတော်သမ္မတကြီး၏နှစ်သစ်ကူးမိန့်ခွန်းတွင်လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေးအတွက်ယခုလက်ရှိထုတ်လုပ်မှုမဂ္ဂါဝပ်၃၀၀၀မှလာမည့်၃နှစ်တွင်းနောက်ထပ်မဂ္ဂါဝပ်၃၀၀၀ထပ်မံတိုးမြှင့်ထုတ်လုပ်၍စုစုပေါင်းမဂ္ဂါဝပ်၆၀၀၀ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတွင်လက်ရှိသုံးစွဲနေသည့်၂၃၀ကေဗွီဓာတ်အားလိုင်းအပြင်နောက်ထပ်၅၀၀ကေဗွီဓာတ်အားလိုင်းကိုလည်း၃နှစ်အတွင်းတိုးချဲ့ဖြန့်ဖြူးပေးမည်ဟုပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ထို့ကြောင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လာမည့်၃နှစ်အတွင်းမဂ္ဂါဝပ်၃၀၀၀တိုးမြှင့်ရရှိရေးထိရောက်မြန်ဆန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်LNG to Power စီမံကိန်းများကိုကာလတို၊ကာလလတ်အတွက်စီမံကိန်းများချမှတ်၍စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊အဆိုပါဓာတ်အားပေးစက်ရုံစီမံကိန်းများမှထွက်ရှိလာသည့်ဓာတ်အားများကိုဓာတ်အားစနစ်မှအဆင်သင့်လက်ခံနိုင်ရန်ဓာတ်အားပို့လွှတ်ရေး၊ဓာတ်အားဖြန့်ဖြူးရေးနှင့်ဓာတ်အားခွဲရုံများကိုလည်း၃နှစ်အတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်သည့်အတွက်သင်တန်းသားများအနေဖြင့်မိမိတို့ကျရာအခန်းကဏ္ဍမှတစ်ဦးချင်း၊တစ်ယောက်ချင်းတာဝန်ယူမှု၊တာဝန်ခံမှုဖြင့်ကြိုးစားအားထုတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ယခုသင်ကြားပို့ချမည့်အင်ဂျင်နီယာမွမ်းမံသင်တန်းတွင်ဓာတ်အားထုတ်လုပ်မှုနှင့်သက်ဆိုင်သည့်ဘာသာရပ်၄ခု၊ဓာတ်အားသယ်ပို့ဖြန့်ဖြူးခြင်းနှင့်သက်ဆိုင်သည့်ဘာသာရပ်၁၃ခုနှင့်အခြေခံမြို့ပြဆိုင်ရာဘာသာရပ်၁ခု၊စုစုပေါင်းဘာသာရပ်၁၈ခုဖြင့်သင်ကြားပို့ချပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားပါကြောင်း၊ထို့အပြင်မိမိတို့ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Siemens ၊ GE ၊ UREC နှင့် Hendrix ကုမ္ပဏီတို့မှဝါရင့်ကျွမ်းကျင်အတတ်ပညာရှင်များမှလည်းပါဝင်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ယနေ့ကမ္ဘာပေါ်တွင်နည်းပညာဆိုင်ရာများတဟုန်ထိုးမြင့်မားတိုးတက်နေသည့်အတွက်အင်ဂျင်နီယာပညာရပ်အပါအဝင်မည်သည့်နည်းပညာရပ်ကိုမဆိုအမြဲတစေဆည်းပူးလေ့လာပြီးတွေးတောကြံဆခြင်း၊ဆန်းသစ်တီထွင်ခြင်းနှင့်လက်တွေ့ကြိုးစားအားထုတ်လုပ်ကိုင်ခြင်းကိုအမြဲမပြတ်ဆောင်ရွက်နိုင်မှသာအောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း၊သင်တန်းသားများအနေဖြင့်သင်တန်းမှသတ်မှတ်ထားသည့်သင်တန်းစည်းကမ်းများနှင့်အညီလိုက်နာနေထိုင်ပြီးသင်တန်းမှသင်ကြားပို့ချပေးသည့်ပညာရပ်များကိုစိတ်အားထက်သန်စွာဖြင့်လေ့လာသင်ယူပြီးနိုင်ငံတော်နှင့်ဝန်ကြီးဌာနအတွက်အားကိုးအားထားပြုရသောအင်ဂျင်နီယာဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးစားအားထုတ်ကြရန်ပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်ဒုတိယဝန်ကြီး၊ဌာနအကြီးအကဲများ၊သင်တန်းနည်းပြဆရာများနှင့်သင်တန်းသား/သင်တန်းသူများနှင့်အတူအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးသင်တန်းခန်းမအတွင်းခင်းကျင်းပြသထားသောသင်/ထောက်ကူပစ္စည်းများနှင့်သင်တန်းသားများ၏သင်ခန်းစာပို့ချနေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။

အဆိုပါအင်ဂျင်နီယာမွမ်းမံသင်တန်းအားလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိဦးစီးဌာန၊လုပ်ငန်း၊ကော်ပိုရေးရှင်းများမှအရာထမ်းသင်တန်းသား၃၀ဦးဖြင့်ရက်သတ္တပတ်၄ပတ်ကြာဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
29-May-2018