လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Mitsubishi Corporation တို့အကြားဓာတ်အားခွဲရုံ၄ရုံ (အလုံ၊ရွာမ၊လှော်ကား၊သာကေတ) အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို၂၀၁၈ ခုနှစ်၊ မေလ၂၉ရက်နေ့၊ ညနေ၀ ၆:၃၀ နာရီအချိန်တွင် Horizon Lake View Resort Hotel ၊ နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ပြည်သူ့လွှတ်တော်ဆောက်လုပ်ရေး၊စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌဦးစောမိုးမြင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်နိုင်ငံသံရုံး၊ JICA Myanmar Office နှင့်Mitsubishi Corporation တို့မှတာဝန်ရှိသူများတက်ရောက်ကြပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်ကအဖွင့်အမှာစကားပြောကြားရာတွင်ယနေ့အခမ်းအနားမှာJapanese ODA ချေးငွေ MY-P2 (Package 2) အောက်မှဂျပန်ယန်း (၉.၀၁၄) ဘီလီယံဖြင့်ဆောင်ရွက်မည့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဓာတ်အားခွဲရုံ၄ရုံ (အလုံ၊ရွာမ၊လှော်ကား၊သာကေတ) အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် Mitsubishi Corporation နှင့်လုပ်ငန်းအပ်နှံမှုစာချုပ်လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတည်ဆောက်ပြီးဓာတ်အားပေးစက်ရုံများဖြစ်သည့်အလုံ၊လှော်ကား၊ရွာမ၊သာကေတ၊သီလဝါစက်ရုံများမှဓာတ်အားစနစ်၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေသော်လည်းပြည်သူများမှတိုးမြှင့်သုံးစွဲလျက်ရှိသဖြင့်စီမံကိန်းအသစ်များလည်းတည်ဆောက်လျက်ရှိပါကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့်စက်စွမ်းရည်ကျဆင်းနေသည့်ဓာတ်အားပေးစက်ရုံများနှင့်ဓာတ်အားခွဲရုံများကိုအဆင့်မြှင့်တင်ပြုပြင်ခြင်း၊ဓာတ်အားပေးစက်ရုံအသစ်များတည်ဆောက်ခြင်း၊ဓာတ်အားလိုင်း၊ဓာတ်အားခွဲရုံများတိုးချဲ့တည်ဆောက်ခြင်းတို့ကိုနိုင်ငံပိုင်ဘတ်ဂျက်မှကျခံဆောင်ရွက်ခြင်း၊ပြည်ပချေးငွေအထောက်အပံ့ရယူဆောင်ရွက်ခြင်းတို့ ဖြင့်လုပ်ဆောင်လျက်ရှိပြီးနှစ်အလိုက်တိုးတက်လာမည့်ဓာတ်အားကိုနှစ်အလိုက်လိုအပ်ချက်များအတိုင်းပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရေးအထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ထိုသို့ဆောင်ရွက်လျက်ရှိရာတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအလုံ၊လှော်ကား၊ရွာမ၊သာကေတဓာတ်အားပေးစက်ရုံများ၏ခွဲရုံများမှာသက်တမ်း (၂၅) နှစ်ကျော်ရှိနေပြီဖြစ်၍ကြံ့ခိုင်ရေးနှင့်စွမ်းဆောင်ရည်များကျဆင်းနေပြီဖြစ်သည့်အတွက်အဆိုပါဓာတ်အားခွဲရုံများ၏ကြံ့ခိုင်ရေးနှင့်တည်ငြိမ်သည့် ဓာတ်အားပိုမိုပို့လွှတ်နိုင်ရန်အတွက်ဂျပန်နိုင်ငံမှ ODA ချေးငွေရယူ၍အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းအတွက် International Competitive Bidding (ICB) စနစ်ဖြင့်၄-၁၁-၂၀၁၆ရက်နေ့တွင်တင်ဒါခေါ်ဆိုခဲ့ရာ Mitsubishi Corporation မှတင်ဒါအောင်မြင်ခဲ့သည့်အတွက်လုပ်ငန်းအပ်နှံမှုတန်ဖိုးဂျပန်ယန်း(၉.၀၁၄)ဘီလီယံဖြင့်သဘောတူစာချုပ်အားလက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ယခု Mitsubishi Corporation နှင့်ဆောင်ရွက်မည့်ဓာတ်အားခွဲရုံ၄ရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာလပေါင်း၃၃လကြာမြင့်မည်ဖြစ်ပြီးထရန်စဖော်မာအသစ်များတပ်ဆင်ခြင်း၊Switchyard များအား AIS စနစ်မှ GIS စနစ်သို့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများပါဝင်မည်ဖြစ်ပါကြောင်း၊ယခုကဲ့သို့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်သက်တမ်းပိုမိုကြာရှည်စွာနိုင်ငံတော်ဓာတ်အားစနစ်သို့လုံခြုံစိတ်ချစွာဖြင့်တည်ငြိမ်သည့် ဓာတ်အားပို့လွှတ်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်Mitsubishi Corporation မှ General Manager & Country Representative ဖြစ်သူ Mr. HIDETOSHI Manoမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့်Mitsubishi Corporation မှAssistant General Manager ဖြစ်သူ Mr. Yuichiro Sakaguchi တို့က ဓာတ်အားခွဲရုံ၄ရုံအဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းအပ်နှံမှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး၍အပြန်အလှန်လဲလှယ်ခဲ့ကြပြီးအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။