The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၀၁၈ ခုနှစ်၊ ဇွန်လ   (  ၂၂  ) ရက်                   

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အင်ဂျင်နီယာများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇွန်လ  (၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်  (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်တည်ရေးအတွက် လျှပ်စစ် ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ်အင်ဂျင်နီယာများ ပေါ်ထွက်လာစေရန်နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အား သယ်ပို့လိုင်းနှင့်ဓာတ်အားခွဲရုံ၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့တွင် ကျွမ်းကျင်ပိုင်နိုင်စွာ ထိမ်းသိမ်းမောင်းနှင် တာဝန်ထမ်းဆောင်နိုင်သည့် အရည်အချင်းများ ပြည့်ဝစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပညာရပ်များ ဖြစ်သည့် ဓာတ်အားထုတ်လုပ်မှုဘာသာရပ် (၄) ခု၊ ဓာတ်အားသယ်ပို့ဖြန့်ဖြူးခြင်းဘာသာရပ် (၁၃) ခုနှင့် အခြေခံမြို့ပြဆိုင်ရာဘာသာရပ် (၁) ခု၊ စုစုပေါင်းဘာသာရပ် (၁၈) ခု သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ပြင်ပအဖွဲ့အစည်းများဖြစ်သည့် Siemens ၊ GE ၊ UREC ၊ Hendrix ၊ YOUNG IN နှင့် ALPHA POWER ကုမ္ပဏီတို့မှ ဝါရင့်ကျွမ်းကျင်အတတ်ပညာရှင်များမှလည်း ပါဝင်ဆွေးနွေးပို့ချပေးခဲ့ ပါကြောင်း၊ အင်ဂျင်နီယာဝန်ထမ်းကောင်းများ ဖြစ်ရန်အတွက် အင်ဂျင်နီယာကျင့်ဝတ်ကို သိရှိနားလည်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌမှလည်း အင်ဂျင်နီယာ ကျင့်ဝတ်ကိုသင်ကြားပို့ချပေးခဲ့ကြောင်း၊ ထို့အပြင် ဒုတိယဝန်ကြီးမှလည်း လုပ်ငန်းအတွေ့အကြုံ၊ အသိသုတများကို အမြင်ချင်းဖလှယ်ဝေမျှ ဆွေးနွေးပေးခဲ့ပါကြောင်း၊ သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများသာမက Site Visit အဖြစ်မြင်းခြံ Gas Engine ဓာတ်အားပေးစက်ရုံနှင့် Sembcorp CCGT ဓာတ်အားပေးစက်ရုံ၊ ရဲနွယ်၊ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရွှေမြို့နှင့် နေပြည်တော် (၂) ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံတို့ကိုလည်း လက်တွေ့ကွင်းဆင်းလေ့လာစေခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံး၍ မိမိတို့၏ လုပ်ငန်းခွင်အသီးသီးသို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်သည့်အခါ သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး၊ လေ့လာသင့်သည့်နည်းပညာရပ်များကိုလည်း ဆက်လက်ကြိုးစားလေ့လာဆည်းပူးသွားကြရန် အလေးအနက်မှာကြားလိုပါကြောင်း၊ ယခုသင်တန်းက ပို့ချသင်ကြားပေးလိုက်သည့် ပညာရပ်များသည် လက်ရှိရာထူးအဆင့်အတွက်သာမက ဝန်ထမ်းဘဝ တစ်လျောက်ကြီးမားသည့် ရာထူးတာဝန်များ တိုးမြှင့်ထမ်းဆောင်ရမည့်အချိန်တွင်လည်း အသုံး ဝင်မည့်ပညာရပ်များကို သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့အား ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဖြင့် အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မိမိဘဝတိုးတက်ရေးအတွက် အစဉ်လေ့ကျင့်မွေးမြူသွားကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ နှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့်သူများဖြစ်ရေး နေထိုင်ကျင့်ကြံသွားကြရန်၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားရသည့် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဝန်ထမ်းများ ဖြစ်ရေး ဝိုင်းဝန်းကြိုးစားကြရန် ပြောကြားခဲ့ပါသည်။

              ထို့နောက်ထူးချွန်သင်တန်းသား (၃) ဦးမှ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်စစ်ဆေးခြင်း၊ ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်နှင့် လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုတို့နှင့် ပတ်သက်၍ Power Point Presentation ဖြင့် ရှင်းလင်းတင်ပြပါသည်။

              ၎င်းနောက် ပြည်ထောင်စုဝန်ကြီးမှ ထူးချွန်သင်တန်းသားများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီးမှ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
22-Jun-2018