၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ ၁ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတ ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူမြို့နယ်ရှိ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ သာကြီးတောင်/စပယ်ရေနံမြေသို့ ရောက်ရှိရာ ရေနံမြေ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက သာကြီးတောင်/စပယ်ရေနံမြေ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး အတွက်ဆောင်ရွက်နေမှု၊ ရေနံရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လူမှုရေးတာဝန်သိမှု (CSR)လုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတို့မှ ကာကွယ်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန် ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ရေနံများတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
သာကြီးတောင်/စပယ်ရေနံမြေသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း တည်ရှိပြီး ယခုအခါ ရေနံတွင်းပေါင်း(၂၀)တွင်းမှ တစ်နေ့လျှင် ရေနံစိမ်းစည် (၁၁၉)စည်နှင့် သဘာဝဓာတ်ငွေ့(၂.၄၉၈)ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်နိုင်ရန် လုပ်ငန်းစီမံချက်များ စနစ်တကျ ရေးဆွဲ၍ ကြိုးစား ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ (ကျွန်းချောင်း)သို့ ရောက်ရှိရာ စက်ရုံမှူးမှ ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ ၊ ဓာတ်အားပေးစက်များ မောင်းနှင်နေမှုနှင့် နှစ်စဉ်ဓာတ်အားထုတ်လုပ်မှု၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တို့မှဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့်မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများ အတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် Switchyard အတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကျွန်းချောင်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသည် မကွေးတိုင်း ဒေသကြီး ၊ ပခုက္ကူမြို့နယ်တွင်တည်ရှိပြီး နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အရာတော် ၊ ကျောက်ခွက် ၊ လက်ပံတို ၊ သာကြီးတောင်ရေနံမြေများမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ နိုင်ငံတော်ပိုင်စက်ရုံအလုပ်ရုံများ၊ မကွေး တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြို့ကြီးများသို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၉၇၂ ခုနှစ်တွင် စတင်တည်ဆောက်၍ ၁၉၇၄ ခုနှစ် တွင်ပြီးစီးခဲ့ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ဓာတ်အားပေး စက်များမှာ အင်္ဂလန်နိုင်ငံ JOHN BROWN ကုမ္ပဏီထုတ် Frame-5 Gas Turbine အမျိုးအစားဖြစ်ပြီး စက်(၁)လုံးလျှင် (၁၈.၁)မဂ္ဂါဝပ်ထွက်ရှိသော ဓာတ်အားပေးစက် (၃)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၅၄.၃)မဂ္ဂါဝပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးရန် ပထမဆုံး တည်ဆောက် ခဲ့သော ဓာတ်အားပေးစက်ရုံဖြစ်ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ၊ ဓာတ်မြေဩဇာစက်ရုံ(ကျွန်းချောင်း)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ စက်ရုံသမိုင်းကြောင်းနှင့် ယူရီးယားဓာတ်မြေသြဇာထုတ်လုပ်ခဲ့မှု၊ စက်ပစ္စည်း များထိန်းသိမ်းထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလို အပ်ချက်များအား မှာကြား၍ စက်ရုံရှိအရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော်ပိုင် စက်ရုံပစ္စည်းများအား ပျက်စီးဆုံးရှုံးမှုမရှိအောင် စနစ်တကျထိန်းသိမ်း ထားရန်နှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လမ်းညွှန် မှာကြားပြီး စက်ရုံအတွင်းရှိ Control Room ၊Amonia Plant နှင့် Urea Plant တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။