နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ( ၃၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း လက်ထောက်အင်ဂျင်နီယာ (စက်မှု)/(လျှပ်စစ်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပေါင်းလောင်းသင်တန်းကျောင်း (နေပြည်တော်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ လုပ်ငန်းတာဝန်၊ ဓာတ်အားပေး စက်ရုံများ၏ လုပ်ငန်းဆောင်တာများ၊ ဓာတ်အားထုတ်လုပ်နေမှုအခြေအနေ စသည်တို့ကို သိရှိနားလည်စေရန် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်နေသည့် လျှပ်စစ် ဓာတ်အားကို ထုတ်လုပ်ပေးသည့်နေရာတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အနေဖြင့် လျှပ်စစ်ဓာတ်အားကို ပြည်သူလူထု လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၇ ရုံနှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ၁၁ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁ ရုံ၊ စုစုပေါင်းတပ်ဆင်အင်အား (၅၄၈၉.၉ မဂ္ဂါဝပ်) တို့မှ တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနေကြောင်း၊ မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်အတွင်းတွင်လည်း နွေရာသီတွင် လိုအပ်နေသည့်ဓာတ်အား များကို အချိန်မီ ဖြည့်ဆည်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံစီမံကိန်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်ငွေ့သုံးအင်ဂျင်ဓာတ်အားပေးစက်များ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် အနာဂတ်တွင် ဓာတ်အားတိုးမြှင့်ရရှိရေးနှင့် တိုးတက် ထုတ်လုပ်ပေးနိုင်ရန်အတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ရေတို၊ ရေရှည်စီမံကိန်းများ ရေးဆွဲတည်ဆောက်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရေးပါသည့် ဓာတ်အားပေးစက်ရုံများ စဉ်ဆက်မပြတ်မောင်းနှင်၍ ဓာတ်အားထုတ်လုပ် နိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်ရေးသည်လည်း အရေးကြီးသဖြင့် ဓာတ်အားအပြည့်အဝ ထုတ်လုပ်နိုင်ရေးအတွက် မောင်းနှင်ရေးအပြင် ထိန်းသိမ်းပြုပြင်ရေးသည်လည်း အဓိက လုပ်ငန်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဓာတ်အားပေးစက်ရုံများ၏ လုပ်ငန်းဆောင်တာများကို သင်တန်းမှ ရရှိလာသည့်အသိနှင့် လက်တွေ့ လုပ်ငန်းခွင်မှ ရရှိသည့် အတွေ့အကြုံများပေါင်းစပ်ပြီး ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အမီလိုက်နိုင်ရန် အစဉ်ကြိုးစားနေရမည်ဖြစ်ပါကြောင်း၊ ယနေ့ကာလသည် သတင်း နည်းပညာခေတ်ဖြစ်သည့်အတွက် စက္ကန့်မလပ် ပြောင်းလဲနေသည့်နည်းပညာများနှင့် အကျွမ်းတဝင်ရှိနေမှသာ စက်ကိရိယာများ စွမ်းအားပြည့် လည်ပတ်အသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများပီပီ စက်များ၏ သက်တမ်းရှည်စေရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စွမ်းအင်အရင်းအမြစ်များကို အကျိုးအရှိဆုံး သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံ များ၏ ထိန်းချုပ်မှုဆိုင်ရာ နည်းပညာသဘောတရားများနှင့် ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်သဘောပေါက်ရန်လိုကြောင်း၊ ယခု သင်တန်းပြီးနောက် ဘီလူးချောင်း (၂) နှင့် ရဲရွာစက်ရုံတွင် ပို့ချမည့်သင်တန်းများတွင် စာတွေ့၊ လက်တွေ့ ဆက်လက်ပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းက ပို့ချပေးသည့် ဘာသာရပ်များကို လုပ်ငန်းခွင်တွင် စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ပြီး မိမိ၏အရည်အချင်း နှင့် အရည်အသွေးများတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဝင် သင်တန်းကို တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းက သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကာ သင်တန်းက ပို့ချသင်ကြားပေးသည့် ပညာရပ်များကို စိတ်ပါလက်ပါ အားတက်သရော သင်ကြားရန် လိုကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုလောက်ပြီး နိုင်ငံတော်၏ လုပ်ငန်းများတွင် လက်ဆင့်ကမ်းသယ်ဆောင်သွားကြမည့် အင်ဂျင်နီယာ ဝန်ထမ်းကောင်းများဖြစ်ရေး ကြိုးစားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြဆရာ များနှင့် သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အဆိုပါ လုပ်ငန်းခွင်ဝင်သင်တန်းအား စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းသို့ ဌာနကူးပြောင်း တာဝန်ထမ်းဆောင်သည့် လက်ထောက်အင်ဂျင် နီယာ (စက်မှု)/(လျှပ်စစ်) သင်တန်းသား ၁၁ ဦးဖြင့် ရက်သတ္တ ၁ ပတ်ကြာ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။