.
၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားတိုးတက် ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင် ရေး တို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားမှု အခြေအနေများနှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဆောင်ရွက်နေသော ၆.၆ ကေဗွီ ကောင်းကင် ဓာတ်အားလိုင်းအား 15 kV SAC Cable ဖြင့် ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်း၊ မရမ်းကုန်း မြို့နယ်အတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းအား ABC Cable ဖြင့် ပြောင်းလဲ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဗဟန်းမြို့နယ်အတွင်း ၃၃ ကေဗွီ သူရဲကောင်းဓာတ်အားခွဲရုံအား ၆၆ ကေဗွီ ဓာတ်အား ခွဲရုံသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း ၁.၅ သန်းခန့်ရှိရာ ၁.၃ သန်းခန့် လျှပ်စစ်မီးရရှိပြီးဖြစ်သည့်အတွက် ၈၃% လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်ပါသည်။ ၄င်းအပြင် ရန်ကုန်တိုင်းဒေသကြီး၏ လူနေသိပ်သည်းဆမှာ အခြားတိုင်းဒေသကြီး / ပြည်နယ်များ၏ လူနေ သိပ်သည်းဆထက် လွန်စွာများပြားပြီး 1900 people/sq mile ခန့်ဖြစ်ပေါ်လျက်ရှိကာ လက်ရှိ မြန်မာနိုင်ငံ၏ အမြင့်ဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲမှုမှာ ၃၃၅၇.၈ မဂ္ဂါဝပ်တွင် ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ၁၅၄၈ မဂ္ဂါဝပ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားသုံးစွဲမှု၏ ၄၆ % သုံးစွဲလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၅ ခုနှစ် အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ ၁၀၉၅ မဂ္ဂါဝပ်ဖြစ်သည့်အတွက် ယခုလက်ရှိတွင် ၄၅၃ မဂ္ဂါဝပ်ထိ တိုးတက် သုံးစွဲခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ နှစ်စဉ်(၁၅%) တိုးတက်နေသည့်အတွက် အဆိုပါ ဓာတ်အားတိုးတက်သုံးစွဲမှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှု
အပိုင်းအပြင် ဓာတ်အားဖြန့်ဖြူးခြင်းအပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲနိုင်ရေးအတွက် System Development လုပ်ငန်းများဖြစ်သည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ အသစ်များ တိုးချဲ့တည်ဆောက်ခြင်းအပြင် System Improvement လုပ်ငန်းများဖြစ်သော ဝန်အားနိုင်နင်းမှုမရှိသည့် ဓာတ်အားလိုင်းများကို ဝန်အားနိုင်နင်းသော ဓာတ်အားလိုင်းကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ ဝန်အားနိုင်နင်းမှုမရှိသော ဓာတ်အားခွဲရုံများရှိ Power Transformer များကို အင်အားတိုးချဲ့ တပ်ဆင်ခြင်း၊ ဝန်အားမနိုင်နင်းသော Distribution Transformer များအတွက် Load Center ကျသောနေရာများတွင် Distribution Transformer များတိုးချဲ့ တပ်ဆင်ခြင်း၊ HDBC ဓာတ်အား လိုင်းကြိုးများကို Spaced Aerial Cable (SAC)ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်တို့အပြင် ADB ၊ JICA ၊ World Bank ၊ ODA ချေးငွေတို့ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းအများစုသည် HDBC လိုင်းကြိုးများဖြစ်သဖြင့် ရာသီဥတု၊ သစ်ပင်သစ်ကိုင်း၊ တိရစ္ဆာန်တို့ကြောင့် ယာယီဓာတ်အားပြတ် တောက်ခြင်းများမှ ကာကွယ်ရန်နှင့် အများပြည်သူများလျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရန်အတွက် Insulation Cover ပါသော SAC ကြိုးများဖြင့် လဲလှယ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အရှေ့ပိုင်းခရိုင်အတွင်းတွင် ၁၂.၄၂ မိုင် ၊ အနောက်ပိုင်းခရိုင်အတွင်းတွင် ၁၁.၈၃ မိုင် ၊ တောင်ပိုင်းခရိုင်အတွင်းတွင် ၂၂.၁၈ မိုင်၊ မြောက်ပိုင်းခရိုင်အတွင်းတွင် ၁၈.၈၁ မိုင် စုစုပေါင်း ၆၅.၂၄ မိုင် တည်ဆောက်ပြီးစီးခဲ့ကြောင်းနှင့် ထပ်မံ၍ ၇၁.၁၅ မိုင် လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားခြင်းဖြင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားတိုးတက်သုံးစွဲ နိုင်မည်ဖြစ်ပါသည်။
၄င်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားခွဲရုံများကို တည်ဆောက်ဓာတ်အား ပေးလျက်ရှိရာ ယခုလက်ရှိတွင် ၂၆၆၅ အမ်ဗွီအေသာရှိသေးသဖြင့် ထပ်မံ၍ ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ဆဲဓာတ်အားခွဲရုံအင်အားအနေဖြင့် ၆၈၅ အမ်ဗွီအေ တည်ဆောက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဓာတ်အားခွဲရုံအင်အားအနေဖြင့် ၉၀၀ အမ်ဗွီအေ ထပ်မံတည်ဆောက်သွားမည် ဖြစ်သည့်အတွက် စုစုပေါင်း ၄၂၅၀ အမ်ဗွီအေ တပ်ဆင်ပြီးသွားမည်ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားရယူသုံးစွဲမှုများ တိုးတက်များပြားလာသည့်အပြင်၊ ဓာတ်အားမရရှိသေးသည့် ကျေးရွာများအား ဓာတ်အားဖြန့်ဖြူးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ နှစ်စဉ်ဓာတ်အားသုံးစွဲသည့်နှုန်း Per Capital Consumption အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် 854 kWh/year သုံးစွဲခဲ့ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် 1050 kWh/year အထိ တိုးတက်သုံးစွဲခဲ့သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် 1230 kWh/year အထိ တိုးတက် သုံးစွဲလာနိုင်မည်ဖြစ်သည့်အတွက် ယခုလက်ရှိ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများအပြင် အသစ်ထပ်မံတိုးချဲ့တည်ဆောက်ခြင်း၊ ဝန်အားပိုမိုများပြားစွာ အသုံးပြု နိုင်သည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို အင်အားတိုးမြှင့် တည်ဆောက်ရခြင်းဖြစ်ပါ ကြောင်း သိရှိရပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အစည်းအဝေးခန်းမ၌ Separate Account ခေါင်းစဉ်ဖြင့် ကျခံသုံးစွဲဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားသုံးစွဲမှုတိုးမြင့်လာသည့်နှင့် အမျှ သက်တမ်းကြာမြင့်နေပြီဖြစ်သော ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုအသွားအလာများသော နေရာများ၊ လူနေထူထပ်သောနေရာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် SAC ကြိုးများဖြင့် အစားထိုး လဲလှယ်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဌာနမှ ဓာတ်အားလိုင်းများပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများ ဆုံးရှုံးနစ်နာမှုများမရှိစေရေး အတွက် ကြိုတင်အသိပေးကြေငြာပြီးမှ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ရန်ကုန်မြို့သို့ လာရောက်သည့်ခရီးစဉ်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် Distribution Network တိုးချဲ့ခြင်းနှင့် System Improvement လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဘတ်ဂျက် ခွဲဝေချထားပေးခဲ့ပါ ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင်လည်း တာဝန်ယူဆောင်ရွက်သူများသည် တိတိ ကျကျနှင့် အကျိုးရှိရှိအသုံး ချပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် အကောင်းဆုံးဆောင်ရွက်သွားရန် နှင့် ခဏခဏပြုပြင်ဆောင် ရွက်ရမှုများမရှိအောင် ဂရုတစိုက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလက်အောက်ရှိ ခရိုင်(၄)ခရိုင်မှ ခရိုင်လျှပ်စစ်မန်နေဂျာများမှ မိမိတို့ခရိုင်အလိုက် Separate Account ခေါင်းစဉ်ဖြင့် ဆောင်ရွက် မည့် ရှုပ်ထွေးဆားဗစ်ကြိုးများ ပြုပြင်လဲလှယ်ဆောင် ရွက်ခြင်းလုပ်ငန်း၊ ACSR ကြိုးများအား SAC ကြိုးများဖြင့် အစားထိုးလဲလှယ်ဆောင်ရွက်ခြင်းလုပ်ငန်း၊ ထရန်စဖော်မာများ တိုးချဲ့တပ်ဆင် ခြင်းလုပ်ငန်း၊ လမ်းများတိုးချဲ့ရာတွင်မလွတ်ကင်းသည့် ဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်းခြင်း လုပ်ငန်းများနှင့် မီတာများ အစားထိုးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ အား အသီးသီးရှင်းလင်းတင်ပြကြပြီး အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌတို့မှ ခရိုင်များအလိုက် တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပါသည်။
ထို့နောက် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်မှ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရေး အတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ခရိုင်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း ဖြည့်စွက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန် မှာကြားခဲ့ပါသည်။