၂၀၁၈ ခုနှစ်၊ သြဂုတ်လ ( ၂၁ ) ရက်
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးဖြိုးဝင်းထွန်း၊ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ဒေါက်တာတင်ထူးနိုင်နှင့်အဖွဲ့ဝင်များ၊ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်(Special Purpose Vehicle-SPV)မြန်မာမှ ဒါရိုက်တာများတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ၊ ဒေါက်တာထွန်းနိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအကောင်အထည်ဖော်အောင်မြင်ရေးအတွက် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဩဂုတ်လ(၂)ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေး(၁/၂၀၁၈)တွင်ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ လမ်းညွှန်မှုပြုခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်းနှင့် တင်ပြထားသည့်အမှာစာ(၆)ခုနှင့်ပတ်သက်၍လည်း စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ အတည်ပြုဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီရုံးအဖွဲ့မှ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ဆောင်ရွက်ပြီးစီးမှုများ၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ လာရောက်လေ့လာလည်ပတ်တွေ့ဆုံမှုများ၊ ကနဦးစီမံကိန်းမြေငှားစာချုပ် ပြင်ဆင်နိုင်ရေးအတွက် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးနေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ဥပဒေအကြံပေးငှားရမ်းဆောင်ရွက်နေမှုအခြေအနေများ အကြံပေးဝန်ဆောင်ခပေးချေရန်ကိစ္စရပ်များ၊ နှစ်စဉ်ကြေးရရှိရန်ကိစ္စရပ်များ၊ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကုမ္ပဏီလီမိတက် (DSEZ MC Co.Ltd)၏ ငွေစာရင်းရှင်းတမ်းဖတ်ကြားအတည်ပြုခြင်းနှင့် ကနဦးစီမံကိန်းနှင့်ပတ်သက်၍ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား တက်ရောက်လာသူများမှ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ ထို့အတူ ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ဖောက်လုပ်မည့် ၂ - လမ်းသွားကားလမ်း ချေးငွေရယူတည်ဆောက်မည့်အခြေအနေနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။နိဂုံးချုပ်အနေဖြင့်ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်မှ တက်ရောက်ဆွေးနွေးခဲ့ကြသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ SPV- မြန်မာမှ ဒါရိုက်တာများအား ယခုကဲ့သို့ အတွေးအခေါ်အကြံအစည်များစွာဖြင့် အားတက်သရော ကူညီဆောင်ရွက်ခဲ့မှုများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် စီမံကိန်းတိုးတက် အောင်မြင်ဖြစ်ထွန်းရေးအတွက် ဆက်လက်ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။