The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်စက်ကွင်းနှင့် ဓာတ်လိုက်မှု အန္တရာယ်

  လျှပ်စစ်ပစ္စည်းများကိုင်တွယ်အသုံးပြုခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အသိမရှိခြင်း၊လျှပ်စစ်အသိရှိသော်လည်း သတိမမူခြင်း ကြောင့် လျှပ်စစ်အန္တရာယ်ဖြင့် ထိခိုက် ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးမှုများ၊ မီးလောင်မှုများနှင့် ကြုံတွေ့နေရပေသည်။ လျှပ်စစ်အန္တရာယ် ကြောင့် ထိခိုက်မှု၊ အသက်ဆုံးရှုံးမှု ဖြစ်ပွားရခြင်းတွင် အပိုင်း ၂ ပိုင်း ခွဲခြားနိုင်ပါသည်-

(၁)  လျှပ်စစ်စက်ကွင်းအတွင်း ဝင်ရောက်မိ၍ လျှပ်စစ်အန္တရာယ် ဖြစ်ပွားရခြင်း၊

(၂)  လျှပ်စစ် စီးဆင်းနေသော ဝါယာကြိုး လျှပ်စစ်ပစ္စည်းများကို ထိမိခြင်း၊ ကိုင်တွယ်မိရာမှ ခန္ဓာကိုယ်ကို ဖြတ်၍ လျှပ်စစ်စီးခြင်းကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်ပွားရခြင်း တို့ပင် ဖြစ်ပါသည်။

          လျှပ်စစ်စက်ကွင်းအတွင်း ဝင်ရောက်မိ၍ လျှပ်စစ်အန္တရာယ် ကြုံတွေ့ရခြင်းသည် ဗို့အားပြင်း ဓာတ်အားလိုင်းများ၊ ဗို့အားပြင်း ဓာတ်အားခွဲရုံများ အနီးသို့ ချဉ်းကပ်မိရာမှ အန္တရာယ် ဖြစ်နိုင်သော လျှပ်စစ်စက်ကွင်းအတွင်းသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပါသည်။ဤနေရာတွင် “လျှပ်စစ်စက်ကွင်း” ဆိုသည်ကို ရှင်းလင်း အောင် သိဖို့လိုပါသည်။ ဝါယာကြိုးတစ်ချောင်းတွင် လျှပ်စစ်ဖြတ်သန်းစီးဆင်း ပါက ၎င်းဝါယာကြိုး ပတ်လည်တွင် လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်မည် ဖြစ်ပါသည်။အသုံးပြုသော ဗို့အား အမျိုးအစားပေါ် မူတည်၍ လျှပ်စစ်စက်ကွင်း ဧရိယာ အကျယ်အဝန်း အကွာအဝေး ဖြစ်ပေါ်ပါမည်။ ထင်သာမြင်သာအောင် ပြောရပါက ဖယောင်းတိုင်မီး အလင်းရောင် ၂ ပေ မီးချောင်း အလင်းရောင်၊       ၄ ပေ မီးချောင်း အလင်းရောင်၊ ဆိုဒီယမ် မီးလုံး အလင်းရောင် တို့၏ ပတ်ဝန်းကျင် အလင်းရောင် ရောက်ရှိမှု အကွာအဝေးများ မတူညီမှုကို လူတိုင်း တွေ့ရှိ ခံစားနိုင်ပေသည်။ လျှပ်စစ်စက်ကွင်းသည် မျက်မြင် မတွေ့နိုင်သော်လည်း လျှပ်စစ်တိုင်းတာရေး ကိရိယာဖြင့် တိုင်းတာခြင်းဖြင့် စက်ကွင်းကို တွေ့ရှိနိုင်ပါသည်။ လျှပ်စစ်စက်ကွင်းတွင် အန္တရာယ်ရှိသော ထိရောက်မှု အကွာအဝေးသည် လျှပ်စစ် အန္တရာယ် ရှိသော နေရာပင် ဖြစ်ပါသည်။လျှပ်စစ်ဗို့အား အမျိုးအစားအလိုက် ဖြစ်ပေါ်သော လျှပ်စစ် စက်ကွင်း ပြင်းအားပေါ် မူတည်ပြီး အန္တရာယ် ရှိနိုင်သော အကွာအဝေးကို သတ်မှတ်ထားကြပါသည်-

              ဗို့အား အမျိုးအစား                  အန္တရာယ်ရှိနိုင်သော လျှပ်စစ်စက်ကွင်း အကွာအဝေး

          ၆.၆ ကီလိုဗို့ ဓာတ်အားလိုင်း                                        ၂.၁ ပေ                  

          ၁၁ ကီလိုဗို့ ဓာတ်အားလိုင်း                                         ၂.၁ ပေ

          ၃၃ ကီလိုဗို့ဓာတ်အားလိုင်း                                           ၂.၄ ပေ                  

          ၆၆ ကီလိုဗို့ ဓာတ်အားလိုင်း                                         ၂.၆ ပေ                  

          ၁၃၂ ကီလိုဗို့ ဓာတ်အားလိုင်း                                        ၃.၆ ပေ                  

          ၂၃၀ ကီလိုဗို့ ဓာတ်အားလိုင်း                                       ၅.၂ ပေ                  

          ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများတွင် ဖော်ပြပါ အန္တရာယ်ရှိနိုင်သော အကွာအဝေး အတွင်းသို့ ဝင်ရောက်မိပါက လျှပ်စစ်အန္တရာယ် ကြုံတွေ့ရမည် ဖြစ်ပါသည်။ အန္တရာယ်ရှိသော လျှပ်စစ် စက်ကွင်းအတွင်းသို့ ဝင်ရောက်ရာတွင် လူကိုယ်တိုင် ဝင်ရောက်မိ၍သော်လည်းကောင်း၊ လျှပ်စစ် ဓာတ်အားစီးဆင်းနိုင်သော လျှပ်စစ်ပစ္စည်း(ဥပမာ သံပိုက်လုံး၊ ဝါးလုံးအစို စသည်)များကို ကိုင်တွယ် အသုံးပြုနေစဉ် ၎င်းပစ္စည်းများသည် အန္တရာယ်ရှိသော လျှပ်စစ်စက်ကွင်းအတွင်း ရောက်ရှိ ရာမှ လူသို့ တစ်ဆင့် လျှပ်စစ်စီးဝင်ပြီး လျှပ်စစ်အန္တရာယ် ရောက်ရှိခြင်း ဖြစ်ပါသည်။ လျှပ်စစ်စက်ကွင်း ပြင်းအား သည် ရာသီဥတု အခြေအနေ ပတ်ဝန်းကျင် စိုစွတ်မှု ခြောက်သွေ့မှုတို့ပေါ်တွင်လည်း များစွာ မူတည်နေပါသည်။မိုးရာသီ ကာလ မိုးရွာလွန်းချိန်များတွင် လေထုသည် စိုစွတ်ခြင်းကြောင့် လျှပ်စစ် စက်ကွင်း၏ ထိရောက်မှု အကွာအဝေးသည် ခြောက်သွေ့သော အချိန်ထက် ပိုမိုဝေးကွာမှု ရှိပါသည်။ လက်တွေ့ဖြစ်စဉ် အချို့ကို ဖော်ပြရပါက ၂၀၀၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းသော ညနေခင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ လျှပ်စစ်တာဝန်ခံ အရာရှိ နှင့် အဖွဲ့တို့မှ ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံ အဆောက်ဦ တံခါးဖွင့်၍ ဝင်လိုက်စ ဉ် ရှေ့ဆုံးမှ ဝင်ရောက်သော တာဝန်ခံ အင်ဂျင်နီယာသည် ပြင်းထန်သော လျှပ်စစ်စက်ကွင်း တွင်ထိကာတမံတလင်းပေါ် ပစ်လဲကျပြီး ကိုယ်တစ်ခြမ်း မီးလောင်မှု ဒဏ်ရာ ရရှိကာ သတိမေ့သွားခဲ့ပါသည်။ နောက်မှပါလာသူ အဖွဲ့ဝင် ၂ ဦး သည်လည်း နောက်သို့ လန်၍ လဲသွားကျပါသည်။ လျှပ်စစ်စက်ကွင်းဒဏ် အထိခံရသော တာဝန်ခံ အရာရှိသည် ဆေးရုံတွင် ရက်ရှည် လများ ကုသမှု ခံယူခဲ့ရပြီး ညာဘက်လက်သည် မီးလောင်မှု ဒဏ်ရာများစွာဖြင့် သန်မာစွာ ဆောင်ရွက် နိုင်ခြင်း မရှိတော့ပါ။

 နောက်ဖြစ်စဉ် တစ်ခု အနေဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က မန္တလေးမြို့ ၁၃၂ ကေဗွီ ဓာတ်အား လိုင်းအောက်တွင် စည်ပင် အမှိုက်သိမ်းယာဉ်မှ ကားရပ်၍ အမှိုက်များ သွန်ချရာ သန့်ရှင်းရေး အလုပ်သမားက အုန်းလက်အစို ကိုင်းကို အပေါ်ထောင်၍ ကိုင်ဆောင်ပြီး ပစ်ချရာတွင် ၁၃၂ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ် စက်ကွင်းအတွင်း ကျရောက်၍ သန့်ရှင်းရေး အလုပ်သမား ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

          ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့၊ ဇောင်းတန်း ရပ်ကွက်ရှိ ၂၀၀ ကေဗွီအေ ဓာတ်အားခွဲရုံဝင်းအတွင်းသို့ စိတ်မမှန်သူ ဦး……မှ ဝင်ရောက်ပြီး ထရန်စဖော်မာ၏ ၄၀၀ ဗို့ အထွက် ဓာတ်အားလိုင်းအား သွပ်နန်းကြိုးဖြင့် ချိတ်၍ ကိုင်လိုက်စဉ် ဓာတ်လိုက်မှု ဖြစ်၍ သေဆုံးခဲ့ပါသည်။

          ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က မအူပင်မြို့ရှိ အိမ်တစ်အိမ်တွင် သံပိုက်လုံးဖြင့် တီဗွီ အင်တာနာတိုင် ထောင်ရာမှ သံပိုက်လုံးသည် ၁၁ ကေဗွီ ဓာတ်အားလိုင်းအနား ကပ်မိ၍ ဓာတ်အားလိုင်း နှင့် လူကွာဝေးသော်လည်း လျှပ်စစ်ဓာတ်အားစီးဝင်နေသော သံပိုက်လုံးမှတစ်ဆင့် လူ၏ ခန္ဓာကိုယ်ကို လျှပ်စစ်စီးဝင်ပြီး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါသည်။

          ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က မတ္တရာမြို့ ၁၁ ကေဗွီ ဓာတ်အားလိုင်းအောက်တွင် အိမ်ဆောက်ထားသော ဦး……..သည် အိမ်ခေါင်မိုးပေါ် တက်၍ အမှိုက်လှဲစဉ် ၁၁ ကေဗွီ ဓာတ်အား လိုင်း စက်ကွင်းမိကာ သေဆုံးခဲ့ရသည်။၆.၆ ကေဗွီ နှင့်အထက် ဗို့အားပြင်း ဓာတ်အားလိုင်း ဓာတ်အား ခွဲရုံများ၏ သတ်မှတ်ထားသော အန္တရာယ် ရှိနိုင်သော အကွာအဝေးအတွင်းသို့ ဝင်ရောက်ခြင်း၊ လုပ်ငန်း ဆောင်ရွက်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်း မလုပ်ရန် လိုအပ်ပါသည်။ ထရန်စဖော်မာ များတွင် လူများမဝင်ရောက်ရန် ဝင်းခြံများ ကာရံထားသော်လည်း ဓာတ်အားလိုင်းများအတွက်မှု သတ်မှတ် အကွာအဝေးအတွင်း ဝင်ရောက်ခြင်း မပြုရန်၊ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် အဆောက်အဦများ မဆောက်ရန် လိုအပ်မည် ဖြစ်ပါသည်။

          ဓာတ်အားလိုင်းများ ရှိပြီးသော နေရာများတွင် ဓာတ်အားလိုင်း ဧရိယာကို ရှောင်၍ မြေကွက်များ ဖော်ထုတ်ရန် လိုအပ်ပါသည်။ အဆောက်အဦများ၊ မြေကွက်များ ဆောက်လုပ်ရာတွင် ဓာတ်အားလိုင်း ကင်းလွှတ် အကွာအဝေးကို သတ်မှတ်ထားပါသည်။ ဖော်ပြပါ ဓာတ်အားလိုင်း ကင်းလွှတ်အကွာအဝေးကို အိမ်ရာမြေ ချထားပေးသောသူများ၊ ဆောက်လုပ်နေထိုင်သူများ လိုက်နာဆောင်ရွက်ခြင်းဖြင့် လျှပ်စစ် အန္တရာယ် ကင်းဝေးမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

 လျှပ်စစ်စက်ကွင်းများကြောင့် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန် သတိပြုရမည့် အချက်များ

  • -  ဓာတ်အားလိုင်းကြိုးများ အနီးသို့ လူ/ပစ္စည်းများ ချဉ်းကပ်ခြင်း မပြုရ။

  • -  ဓာတ်အားလိုင်းကြိုးအောက်နှင့် ဓာတ်အားလိုင်းကြိုးများ အနီးပတ်ဝန်းကျင်တွင် တီဗွီ အင်တာနာ တိုင်ထောင်ခြင်း၊ စတီးပိုက်ချောင်းများ၊ သံပိုက်ချောင်းများ ထောင်၍ ကိုင်ဆောင် ခြင်းများ မပြုလုပ်ရ။

  • -  ဓာတ်အားလိုင်းကြိုးများအောက်တွင် ကားရပ်ပြီး ကားခေါင်မိုးပေါ် တက်၍ လုပ်ငန်း ဆောင်ရွက်ခြင်းများ မပြုရ။

  • -  ဓာတ်အားလိုင်းကြိုးများအောက်နှင့်အနီးပတ်ဝန်းကျင်တွင် အဆောက်အဦများ ဆောက်လုပ် ခြင်း မပြုရ၊ ဓာတ်အားလိုင်းကြိုးနှင့် သတ်မှတ် အကွာအဝေးတွင်သာ တည်ဆောက်ပါ။

  • -  ဓာတ်အားလိုင်းတိုင်များပေါ်သို့ တက်ရောက်ဆော့ကစားခြင်း၊ လျှပ်စစ်ကျွမ်းကျင်သူ မပါဘဲ ဓာတ်အားလိုင်းတိုင်များပေါ်တက်၍ ကြိုးဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း မပြုရ။

ဝေယံ

03-Jan-2018