The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

“ ရသေ့တောင်သာသည့်ကျွန်းဆီက…စာစီလို့ညွှန်းခဲ့မယ်”

“ ရသေ့တောင်သာသည့်ကျွန်းဆီကစာစီလို့ညွှန်းခဲ့မယ်”

 

မမေ့နောင် ကြာရှည်လွမ်းကြပေရော့

ရသေ့တောင် သာသည့်ကျွန်းဆီက

စာစီလို့ ညွှန်းခဲ့မယ်။

ထူးလှပါရဲ့

တန်ခူးသမယ ဆန်းလသော်တာ တိုးထွက်ဆုံလို့မို့

ကိုးရက်အကြုံ ဂဠုန်နေ့မှာဖြင့်

ယမုန်အကွေ့က ချစ်စရာသွေးချင်းတွေအတွက်ပေပ

မေတ္တာ ပေးနှင်း ဝေဆက်ခဲ့ပြီပေါ့

ရွှေလက်တွေ ပတ်ရစ်တိုးနွယ်လို့

လျှပ်စစ်ကြိုးသွယ်။

မြို့ပုဏ္ဏာ တစ်ဖက်ကမ်းဆီက

ဆက်တန်းကာ တာဝါတွေ အစီအရီလက်သည်သို့

DPTSC စိတ်ဓာတ်အားမာန်အစွမ်းတွေပေါ့

အညီအညီ လက်ကမ်းသွားကြတဲ့အပြင်

စက်ယန္တရား အစုံအလင်နဲ့

ရဂုံတစ်ခွင် လယ်ပြင် တောင်စွယ် မြောင်းအကျယ်ငဲ့အပြင်

ချောင်းအသွယ်သွယ်ကို တခုတ်တရ ဆိုရပါတော့

ဒုက္ခက ချိုခဲ့သည်..

အိုဘယ့် မဟီ သက်သေပေး။

ကျက်သရေဖြာ

တက်နေပမာ အလင်းဆောင်လို့

ခပင်း နောင်မကြာပေါ့

အောင်ဇာတာ အောင်ခြာစည်ဝေလို့

ဪ..တန်ဆောင်ပမာ အရောင်အဝါတွေလည်း ပီစေဖို့

ညီချေတို့ရေ ကသိုဏ်းအစစ်အစစ် ဖွေတဲ့ဖွေတဲ့ပြီး

ကိုင်း…သမိုင်းသစ်တွေရေး။

(DPTSC= Department of Power Transmission & System Control)

 

နွေခေါင်ခေါင် မြူတွေဆိုင်းနေသည်။ ဖြတ်သန်းတိုက်ခတ်လာသော လေအဝေ့တွင် ရသေ့တောင်ခွဲရုံအတွင်း စိုက်ထူထားသည့် ရောင်စုံအလံများ တဖျတ်ဖျတ် လွင့်နေကြ၏။ ခွဲရုံအ၀င်ဝတွင် ဖွင့်ပွဲမုခ်ဦးရှိသည်။ ကွန်ကရစ်လမ်းဘေးတွင်ကား ဖွင့်ပွဲအတွက် မဏ္ဍပ် နှစ်ခု ထိုးပြီး ပြင်ကြဆင်ကြတုန်း၊ Switch yard မျက်နှာစာက ချိန်းလင့်ခြံစည်းရိုးတလျှောက် ကပ်ထားသော ရခိုင်ပြည်နယ်လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံ ဗွီနိုင်းကားချပ်များကလည်း အစီအရီ၊ ဪ..ရသေ့တောင်ဓာတ်အားခွဲရုံဖွင့်ပွဲကြီးတောင် ကျင်းပတော့မည်ကိုး။

          ရခိုင်ပြည်နယ်အထက်ပိုင်းတွင်ရှိသော ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့ များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးရန် ၂၀၁၈ ခုနှစ် သြဂုတ်လကတည်းက စီမံချက်များ ရေးဆွဲခဲ့ရသည်။ ထိုစဉ်က ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသများ ကို မြေပုံပေါ်မှာပင်တွေ့ဖူး၏။ အမှန်တကယ်မရောက်ဖူးခဲ့သေး။ မောင်တောအကြမ်းဖက် ဖြစ်စဉ်များ နောက်ပိုင်းကာလတွင် ရခိုင်ပြည်အထက်ပိုင်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီး အလျှင်အမြန်ရရှိရေးကိစ္စက ပိုပြီးအရေးပါလာခဲ့သည်။

          (၁၈.၉.၂၀၁၇)နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးနှင့် အတူ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသများသို့ ပထမဆုံးရောက်ခဲ့သည်။ ရိုးသားအေးချမ်းစွာ နေတတ်သော၊ ဇာတိကိုခုံမင်သော၊ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်သော၊ ရောင့်ရဲတင်းတိမ်တတ်သော ညီအစ်ကိုမောင်နှမ ရခိုင်တိုင်းရင်းသားများ ကို တွေ့ရသည်။ သယံဇာတများ ပေါကြွယ်ဝလှသော ဤမြေတွင် လျှပ်စစ်မီး ၂၄နာရီ ရရှိပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် လူမှုဘ၀များကိုလည်း မြင်ယောင်ခဲ့သည်။

          လေတစ်ချက်ဝေ့လိုက်သည်။ ဖုန်လုံးကြီးများ ထသွား၏။ မျက်စေ့ထဲ ဖုန်မှုန့်များ၀င် မည်စိုးသဖြင့် ကပျာကယာပိတ်လိုက်ရသည်။ ခွဲရုံအပြင် လယ်ကွင်းထဲမှ လက်ကျန်ရိုးပြတ် များကို စားနေကြသော နွားအုပ်စုကိုလည်း မြင်ရ၏။ ပတ်၀န်းကျင်သည် ငြိမ်းချမ်း တိတ်ဆိတ်နေသည်။ ခွဲရုံဖွင့်ပွဲ ပြင်ဆင်နေကြသော မိမိတို့အဖွဲ့များကား ထုလိုက် ရိုက်လိုက်၊ တူးလိုက် လောင်းလိုက်၊ မိုးလိုက် ကာလိုက်၊ တက်လိုက် ဆင်းလိုက်၊ အော်လိုက် ဟစ်လိုက် နှင့် လှုပ်လှုပ်ရွရွ…။

          ရသေ့တောင်သို့ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံကတဆင့် ဓာတ်အားပေး ရမည်ဖြစ်သည်။ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော အထိ ၆၆ကေဗွီ ဓာတ်အားလိုင်း(၆၄.၅)မိုင် တည်ဆောက်ရမည်။ ပုဏ္ဏားကျွန်းခွဲရုံတွင် ရသေ့တောင်ဘက်သို့ ထွက်ရန် 66kV Switch Bay (၁)ခု တိုးချဲ့တည်ဆောက်ရမည်။ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ဓာတ်အားခွဲရုံတစ်ခုစီ တည်ဆောက်သွားရမည်။

          ယခုတော့ ပုဏ္ဏားကျွန်းခွဲရုံတွင် ရသေ့တောင်သို့ဓာတ်အားပေးရန် 66kV Switch Bay လည်းတည်ဆောက်ပြီးပြီ။ ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂) မိုင်ကိုလည်း တည်ဆောက်ပြီးပြီ။ ရသေ့တောင်တွင် ၆၆/၁၁ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အား ခွဲရုံကိုလည်း တည်ဆောက်ပြီးပြီ။ ၂၀၁၈ ခုနှစ် မတ်လ(၂၅)ရက်၊ တနင်္ဂနွေနေ့က ၆၆ကေဗွီ ဓာတ်အား စမ်းသပ်ပို့လွှတ်ခဲ့ပြီးပြီ။ ပထမအဆင့်တော့ အောင်အောင်မြင်မြင်ပြီးမြောက်ခဲ့ပြီဟု ဆိုရတော့မည်။

          မှတ်မှတ်ရရ စီမံကိန်းပထမအဆင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့က စတင်ခဲ့ခြင်းဖြစ်၏။ စီမံကိန်း စတင်သည်ဟုဆိုသည့်တိုင် ပစ္စည်းများက အဆင်သင့် မရှိသေး။ ယခင်စီမံကိန်းလက်ကျန်ပစ္စည်းများဖြင့် မြန်မြန်ဆန်ဆန်တည်ဆောက်ရမည်ဖြစ် သဖြင့် ရုံးချုပ်အစီအစဉ်ဖြင့် ပစ္စည်းများ ရှာဖွေစုဆောင်းပေးခဲ့ရသည်။ လုပ်ငန်းခွင်ရောက် အောင် သယ်ပို့ပေးခဲ့ရသည်။ လိုအပ်သည့် တာဝါတိုင်များကိုတော့ မြောင်းတကာရှိ သံမဏိ စက်ရုံ(MEC) မှ မှာယူခဲ့ရသည်။ ဒီကြားထဲ ဘတ်ဂျက်လျာထားခြင်းမရှိသော စီမံကိန်းဖြစ် သဖြင့် အရေးပေါ်ဘတ်ဂျက်ရရှိရေးအတွက်လည်း ရုံးချုပ်မှ အပူတပြင်းကြိုးစားခဲ့ကြရပြန် သည်။

          ပုဏ္ဏားကျွန်းရသေ့တောင်လိုင်းတွင် တိုင်ပေါင်း(၁၀၅)တိုင်ပါ၀င်သည်။ ပုဏ္ဏားကျွန်း ခွဲရုံအထွက်တွင် အခြေအနေအရ Steel Pole (၄)တိုင် စိုက်ထူခဲ့ရ၏။ ကျန်သော(၁၀၁)တိုင် က Lattice Steel Tower များဖြစ်သည်။ တာဝါတိုင်များတပ်ဆင်ရန်အတွက် ပထမဆုံး တာဝါဖောင်ဒေးရှင်းပြုလုပ်ရ၏။ ဖောင်ဒေးရှင်းလုပ်ငန်းတွင် Stub ဟုခေါ်သော တာဝါအောက်ခြေအပိုင်း သံဘောင်များကို ထည့်သွင်းဆောင်ရွက်ရသည်။ စီမံကိန်းစတင်ချိန် တွင် Stub များလည်း အလုံအလောက်မရှိ။ လက်ထဲတွင်ရှိသော စီမံကိန်းလက်ကျန် Stub အချို့ဖြင့် စတင်ခဲ့ရသည်။ နောက်ပိုင်းတွင် MEC မှ Stub များ တစ်သုတ်ပြီးတစ်သုတ်ရ၏။ နောက်ဆုံး Stub ရသည့်အချိန်က (၆.၂.၂၀၁၈)နေ့ဖြစ်သည်။ ရသေ့တောင်သို့ မီးပေးဖို့ သတ်မှတ်ရက်က မတ်လကုန်…။ အချိန်တွက်ကြည့်တော့ တစ်လကျော်ကျော်လေးပဲရသည်။

          ဖောင်ဒေးရှင်းအားလုံးပြီးမှ တာဝါအားလုံးဆင်နိုင်မည်ဖြစ်သည်။ တာဝါကလည်း Stub ကဲ့သို့ပင် အဆင်သင့်မရှိ။ ဟိုတစ်ချို့ သည်တစ်ချို့ လိုက်လံစုဆောင်းရ၏။ ရန်ကုန်မှ လည်းပါ၏။ ရွှေတောင်မှလည်းပါ၏။ ကော့ကရိတ်မှလည်းပါ၏။ MEC မှလည်းပါ၏။ သယ်ရပိုးရသည်မှာလည်း မလွယ်ကူလှပေ။ MEC တာဝါ နောက်ဆုံးရရှိသည့်ရက်က (၉.၃.၂၀၁၈)ဖြစ်၏။ အသေအခြာ Plan ချ၍ လုပ်ရသည်။ တစ်တိုင်ရောက် တစ်တိုင်ပို့ တစ်တိုင်ထူ။ ခပ်သွက်သွက်လုပ်ရ၏။(၁၇.၃.၂၀၁၈)ကျမှ တိုင်ဆင်လုပ်ငန်းအားလုံးပြီး၏။

          ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းတလျှောက်တွင် ဒီရေချောင်းများစွာရှိသည်။ ချောင်းကျော်တံတား(၉)စင်းခန့်ရှိ၏။ ဓာတ်အားလိုင်းဆွဲ၊ ဓာတ်အားခွဲရုံဆောက်သည့် အချိန်တွင် ရသေ့တောင်မြို့အ၀င် ပျားချောင်းကြီးကိုဖြတ်ကျော်တည်ဆောက်လျှက်ရှိသော ရသေ့တောင် တံတားကြီးကမပြီးသေးပေ။ ဟိုဖက်ကမ်း ရသေ့တောင်သို့ ပျားချောင်းကြီး အတွင်းမှ စက်လှေများဖြင့် ခက်ခက်ခဲခဲဖြတ်ကျော်သယ်ပို့ ပေးခဲ့ရ၏။ ထရန်စဖော်မာအပါ အ၀င် အချို့သော ပစ္စည်းများကိုမူ စစ်တွေမှ ရေလမ်းခရီးဖြင့် သယ်ယူခဲ့ကြရ၏။

          ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်းအူကြောင်းတစ်လျှောက်ကား မြေပြန့်၊ တောင်ပေါ်၊ ဒီရေတော စသည့် အနေအထားမျိုးစုံကို ကျော်ဖြတ်ခဲ့ရသည်။ ပုဏ္ဏားကျွန်းမှ အထွက် သာစည်၊ လက်ဝဲစာတိုက်၊ ဖက်ကျ၊ ပိန္နဲတော၊ ပေါက်တောပြင်၊ စေတီပြင် ရွာများ အထိ လယ်ကွင်းများနှင့် မြေပြန့်အများစုရှိသည်။ တောဖျားကံချောင်းရွာမှ ကျောက်ပြင်ဆိပ် ရွာအထိက တောင်ကုန်းတောင်တန်းများဖြစ်၏။ ပြိုင်းတောင်၊ ကျောက်သံခြေ၊ ကြိမ်သာ၊ ထွန်းရဝေရွာသစ်၊ ပျားချောင်းကြီးရွာများကို ဖြတ်သန်းသည့်အခါတွင် မြေပြန့်ဖြစ်၏။

          တောင်ပေါ်တွင် ကျရောက်သည့် တာဝါတိုင်နေရာများသို့ သံဘောင်များ၊ ကြိုးဆွဲပစ္စည်းများပို့ရန် ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရသည်။ တိုင်နှင့်အနီးဆုံး ကားလမ်းဘေး တွင် သံဘောင်များခေတ္တချပြီး ထိုမှတဆင့် လူအားဖြင့် တောင်ပေါ်သို့ တဖြည်းဖြည်းသယ်ယူ ရ၏။ မြင့်မားမတ်စောက်တော တိုင်များသို့ သယ်ယူရာတွင် အမျိုးသားအလုပ်သမားများ ပင်လျှင် ကြွေသီး ၂ပြားခန့်သာ သယ်နိုင်၏။ အခေါက်ပေါင်းများစွာ တက်လိုက်ဆင်းလိုက် သယ်ပို့ရ၏။

          ဒီရေတောများ၊ ဒီရေချောင်းကျော်များတွင် ကြိုးဆွဲလုပ်ငန်းဆောင်ရွက်ရာ၌ သတိ ကြီးစွာထားရသည်။ ကြိုးများ ဆားငံရေနှင့် လုံးဝထိတွေ့မှုမရှိစေရန် အထူးဂရုပြုရသည်။ ဆားငံရေနှင့် ထိတွေ့သော သတ္တုကြိုးအပိုင်းများမှာ အချိန်အနည်းငယ်အတွင်း ဆားပေါက် ပြီး ဆွေးမြေ့ပြတ်တောက်လေ့ရှိသည်။ လျှပ်စစ်အင်ဂျင်နီယာများ၊ ၀န်ထမ်းများအနေဖြင့် တော့ ၂၀၁၂ ခုနှစ်ကတည်းက ရခိုင်ပြည်နယ် လိုင်းအတွေ့အကြုံများ အလွန်များပြားခဲ့ပြီဖြစ် ၍ အခက်အခဲမျိုးစုံကို ကျော်လွှားအောင်မြင်ခဲ့ကြပါသည်။

          ပုဏ္ဏားကျွန်း-ရသေ့တောင်ဓာတ်အားလိုင်းတည်ဆောက်ရာတွင် ဓာတ်အားပို့လွှတ်ရေး စီမံကိန်း(မြောက်ပိုင်း)လက်အောက်ရှိ စီမံကိန်းမန်နေဂျာရုံးအားလုံးမှ ၀န်ထမ်းများကို ထုတ်နှုတ်စုစည်းဆောင်ရွက်ခဲ့ရသည်။ စီမံကိန်းမန်နေဂျာ(မြို့ပြ)၏ ကြီးကြပ်မှုဖြင့် ဖောင်ဒေး ရှင်းအဖွဲ့(၆)ဖွဲ့၊ စီမံကိန်းမန်နေဂျာ(၂)မိတ္ထီလာ၏ ကြီးကြပ်မှုဖြင့် တိုင်ဆင်အဖွဲ့(၅)ဖွဲ့နှင့် ကြိုးဆွဲအဖွဲ့(၃)ဖွဲ့၊ ခွဲရုံတည်ဆောက်ရေးအဖွဲ့(၂)ဖွဲ့ တို့ဖြင့်အင်တိုက်အားတိုက်လုပ်ခဲ့ရသည်။

          လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ကို နိုင်ငံတော်ဓာတ်အား စနစ်မှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူ စသည့်မြို့များကို ၂၄နာရီ ဓာတ်အားပေးနိုင်ခဲ့၏။ ၂၀၁၇ခုနှစ်တွင် မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ဂွ စသည့် မြို့နယ်များ နှင့် ပတ်၀န်းကျင်ကျေးရွာများသို့ ဓာတ်အားပေးနိုင်ခဲ့၏။ ယခုကား ရသေ့တောင်မြို့သို့ ဓာတ်အားပေးနိုင်ခဲ့ပြီဖြစ်ပြီး မကြာမီတွင် မဒဲကျွန်းဒေသသို့ ဓာတ်အားပေးနိုင်တော့မည် ဖြစ်၏။

          တန်ခူးလ၏ သင်္ကြန်ရနံ့တို့ပင် ရနေချေပြီ။ ရသေ့တောင်ခွဲရုံမှ လယ်ကွင်းများကို ဖြတ်ပြီးကြည့်လိုက်လျှင် ရသေ့တောင်တံတားသစ်ကြီးကို လှမ်းမြင်နိုင်၏။ တံတားပေါ်တွင် လည်း ရောင်စုံအလံများ တလွင့်လွင့်နှင့် လှုပ်လှုပ်ရွရွ လုပ်သားများ၊ စက်ယန္တရားများကို မြင်နေရ၏။ ရသေ့တောင်မြို့သည်ကား မကြာမီတွင် လျှပ်စစ်မီးရသကဲ့သို့ ပုဏ္ဏားကျွန်းမှ တိုက်ရိုက်ကားလမ်းလည်း ပေါက်တော့မည်ဖြစ်ရာ များစွာအကျိုးရှိမည်ဟုလည်း ယုံကြည်ရ သည်။ လာချင်းကောင်းသော ကားလမ်းနှင့် လျှပ်စစ်မီးတို့ကို အသုံးချ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော လူမှုစီးပွားပတ်၀န်းကျင်များကို ရသေ့တောင်သားတို့ ထူထောင်နိုင်ကြတော့ မည်ဖြစ်သည်။

          ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန ၀န်ထမ်းများအနေနှင့်တော့ ရသေ့တောင်ပြီး လျှင် ဘူးသီးတောင်၊ ထိုမှတဆင့် မောင်တော ဒေသများသို့ ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံများ ဆက်လက်တည်ဆောက်ရပေဦးမည်။ ရည်မှန်းထားသည့်အတိုင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း မောင်တော အထိဓာတ်အားရောက်ရှိရေးအတွက် မနားမနေ ကြိုးပမ်း ကြရပေဦးမည်။ ရခိုင်ပြည်နယ်သည် မိုးများသော ဒေသဖြစ်၏။ များသောအားဖြင့် သင်္ကြန် ကျော် ဧပြီလကုန်ခန့်တွင် မုတ်သုန်မိုးစတတ်သည်။ စက်တင်ဘာလကုန်ခန့်မှသာ မိုးပါးသွား လေ့ရှိကြောင်း အတွေ့အကြုံအရ သိခဲ့၏။ မိုးရွာလျှင် စီမံကိန်းလုပ်ငန်းဆောင်ရွက်ဖို့ ခက်ခဲ သွားမည်ဖြစ်သည်။ လုပ်ငန်းလုပ်ချိန် (၅)ခန့်သာ ကောင်းကောင်းရတော့မည်။

          ဘာပဲဖြစ်စေ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနအနေဖြင့်တော့ အခက်အခဲမျိုးစုံကို အောင်မြင်အောင် ကျော်လွှား လုပ်ဆောင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားမည် ဖြစ်သည်။ ပစ္စည်းများ အချိန်မီရရှိရေး၊ ဘတ်ဂျက်လုံလောက်စွာရရှိရေးအတွက်လည်း အလွန် အရေးကြီးလှပေသည်။ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန ၀န်ထမ်းများအနေ ဖြင့်တော့ အချိန်တိုင်း အသင့်အနေအထားရှိနေကြ၏။

          ၂၀၁၈ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ရသေ့တောင်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင်ပေးနိုင်တော့မည်ဖြစ်သည်။ ရသေ့တောင်မြို့နှင့် ပတ်၀န်းကျင်ကျေးရွာများ တွင် ၂၄ နာရီ မီးရရှိတော့မည်ဖြစ်သည်။ အရင်က နာရီပိုင်းမျှသာ လျှပ်စစ်မီးရရှိခဲ့သော ရသေ့တောင်မြို့သည် မကြာမီတွင် လျှပ်စစ်မီးရောင် ထိန်ထိန်ညီးလျှက် လှပတင့်တယ်လာ မည်ကတော့ မုချဧကံပင်ဖြစ်၏။

          လျှပ်စစ်မီးရရှိလာသည်နှင့် လူမှုစီးပွားဘ၀များ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာတော့မည်။ စက်မှုကုန်ထုတ်လုပ်ငန်းမျာ ဖွံ့ဖြိုးလာတော့မည်။ ပညာရေး ကျန်းမာရေးကဏ္ဍများ တိုးတက် လာတော့မည်။ အလုပ်အကိုင်သစ်များစွာကို ဖန်တီးပေးနိုင်တော့မည်။ အခြားသော ဒေသများနှင့်အတူ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ရသေ့တောင်မြို့ကြီးအဖြစ် ဖန်တီး တည်ဆောက်သွားကြရန်ကား ရသေ့တောင်သားတိုင်းတွင် တာဝန်ရှိပေတော့သည်။

          ရသေ့တောင်ဒေသရှိ ပြည်သူတစ်ရပ်လုံး နိုးကြားကြဖို့လိုသည်။ ကြိုးစားကြဖို့လို သည်။ တိုးတက်ဖွံ့ဖြိုးလိုစိတ် ပြင်းပြကြဖို့လိုသည်။ နိုင်ငံတော်၏ စေတနာကို နားလည် သဘောပေါက်ကြပြီး အစွမ်းကုန် စူးစိုက်ဆောင်ရွက်ကြဖို့ လိုသည်။ ရှေ့တွင် ဆိုခဲ့သည့် အတိုင်း “ … ရသေ့တောင် သာသည့်ကျွန်းဆီက၊ စာစီလို့ ညွှန်းခဲ့မယ်” ဟုပင် ထပ်တလဲလဲ ဂုဏ်ပြု ညွှန်းဆိုရပါတော့၏။

မောင်လွမ်းနီ(ရေစကြို)                       

09-Apr-2018