၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၂၂) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၏ အနောက်မြောက်ဘက် (၁၀၂) ကီလိုမီတာ ခန့်အကွာကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) သို့ ၂၂-၉-၂၀၁၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်၍ တွင်းတူးဖော်စမ်းသပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တွင်းတူးစက်ပေါ်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ၊ အစုရှယ်ယာဝင်များဖြစ်သည့် MPRL E&P ၊Woodside နှင့် Total ကုမ္ပဏီတို့မှတာဝန်ရှိသူများက တွင်းတူးဖော်ခဲ့မှုအခြေအနေ၊ သဘာဝဓာတ်ငွေ့စမ်းသပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အကဲဖြတ်တွင်း တူးဖော်စမ်းသပ်နေမှု အခြေအနေများအား လိုက်လံစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် စတင်တူးဖော်ခဲ့ပြီး သြဂုတ်လ (၂၉) ရက်နေ့တွင် ရည်မှန်းအနက် ၄,၈၅၀ မီတာ (၁၅,၉၁၂ပေ) အထိ တူးဖော်ခဲ့ရာ အနက် (၄၃၇၃) မီတာခန့်တွင် သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် အသားတင်ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ (၄၀) မီတာခန့်ကို စမ်းသပ်တွေ့ရှိခဲ့ပါသည်။
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် MPRL E&P Pte Ltd. မှ ရင်းနှီးမြှုပ်နှံမှု (၂၀%)၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte Ltd. မှ (၄၀%)၊ ပြင်သစ်နိုင်ငံ Total E&P Myanmar Co.,Ltd.မှ (၄၀ %) အသီးသီးအချိုးကျပါဝင်ကာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
အကဲဖြတ်တွင်း ရွှေရည်ထွန်း-၂ ကို လုပ်ကွက် A-6 ၏ ပဉ္စမမြောက်တွင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်တွင် ရေအနက် (၂၃၂၅) မီတာနေရာ၌ တူးဖော်ခဲ့ခြင်းဖြစ်ပြီး ရှာဖွေရေးတွင်း၊ အကဲဖြတ်တွင်းများ တူးဖော်ခြင်း၊ ရှာဖွေခြင်းဆိုင်ရာလုပ်ငန်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင် သည့်အဆင့်သို့ ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။